October 22, 2024

၂၃.၂.၂၀၂၄
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ ဇရပ်ကြီးမြို့မစျေး မီးလောင်ကျွမ်းမှုဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လည် ၂ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မြို့မစျေးတစ်ခုလုံး လောင်ကျွမ်းပျက်စီးကာ စျေးလမ်းထဲက အိမ်ဆိုင် လေးလုံးလည်း လောင်ကျွမ်းတဲ့အထဲ ပါသွားတယ်လို့ ကူညီငြှိမ်းသတ်ပေးခဲ့ကြတဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း နယ်မြေမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့နယ်မှာ တပ်မတော်နဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ နီးပါး တောင်ငူမြို့တွင်း ဝင်ရောက်ခိုလှုံနေကြတာပါ။

တောင်ငူမြို့ ရွှေမင်းဝင်ကျောင်းတိုက်မှ ရွှေမင်းဝင်လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ အရှင် စန္ဒောဘာသက”မြို့မှာ လူမရှိဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကောက်ရိတ် ပဲရိတ် ပြန်ကြတယ်ဆိုတာလည်း တောဘက်က လူတွေ။ အခု မီးလောင်မှုဖြစ်စဥ်က ရှို့မီးပါ။ စျေးထဲ ဝင်ခိုးတာမှာ ဘာမှ မရတော့လို့ ရှို့ခဲ့ပုံရပါတယ်။ စျေးကတော့ လောင်စာကုန်မှငြိမ်းဆိုသလို အကုန်ပြာကျသွားတယ်” လို့ MT News ကို ပြောပါတယ်။

စျေးထဲမှာ ဆိုင်ခန်းပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အနည်းငယ်လောက်သာ ကျန်ရှိနေပြီး အဖိုးတန်ပစ္စည်းနဲ့ အသုံးတည့်ပစ္စည်းတွေက စစ်ဘေးတိမ်းရှောင်ရာမှာ သယ်ယူ ထွက်သွားကြတာလည်းရှိတာမို့ ပစ္စည်းမကျန်ရှိသလောက်အခြေအနေလို့လည်း Save The Tree မှ တာဝန်ရှိသူက ဆိုပါတယ်။

“မြို့ပေါ်နေသူတွေဆိုတော့ ငွေရေးကြေးလည်း တတ်နိုင်ကြတော့ သူတို့ဆွေမျိုးတွေ ရှိရာတွေမှာ သွားရောက်နေထိုင်တာ။တောင်ငူ မြို့ပေါ်မှာ အိမ်ဝယ်တာ အိမ်ငှားတာတွေနဲ့ ပြောင်းကြရွှေ့ကြတော့ အခွံသဘောလောက်ကျန်တာပါ။ အခုတော့ မီးကြွင်း မီးကျန် ကျန်မှာလည်း ဒေသခံတွေက စိတ်ပူနေကြတယ်။ မီးကြွင်း မီးကျန်ကနေ ထပ်လောင်ပြီး အကုန် ရပ်ရွာ ကုန်မှာ ပူကြတာမို့ မီးသတ်တပ်ဖွဲ့ ဝင်တွေနဲ့အတူ ကူညီ ငြှိမ်းသတ်ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *