October 22, 2024

၂၃. ၂. ၂၀၂၄
Written by Nay Aung

ထိုင်းအစိုးရအဖွဲ့အနေဖြင့် လာမည့် မတ်လပထမသီတင်းပတ်အတွင်း နေရပ်စွန့်ခွာနေရသည့် မြန်မာနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများစတင်ပေးအပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပန်ပရီ ဘာဟစ်ဒါဟာ နုကာရာက ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းသည် ထိုင်းဒုတိယဝန်ကြီးချုပ် တာဝန်အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုပါ ရယူထားသူဖြစ်ပြီး မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန် ဦးဆောင်ကြိုးပမ်းနေသူဖြစ်သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုကြောင့် နေရပ်စွန့်ခွာနေရသူများကိုခွဲခြားမှုမရှိဘဲ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးအပ်နိုင်ရန်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ မြန်မာနှင့်ထိုင်း ကြက်ခြေနီအဖွဲ့များက လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးအပ်မည့်အစီအစဉ်ကို ကြီးကြပ်သွားမည်ဖြစ်ကြောင်း နုကာရာက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာနေရပ်စွန့်ခွာသူများကို အစားအစာနှင့်ဆေးဝါးများကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ SAC အဖွဲ့ကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်မည့် အစီအစဉ်ကို အပြည့်အဝထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နုကာရာကပြောသည်။ ထို့အပြင် အာဆီယံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ဖြစ်သည့်(AHA)ကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်နေသော မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်မည့်အစီစဉ်ကို ပွင့်လင်းမြင့်သာမှုနှင့်တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်အတွက် ကြီးကြပ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက” အနောက်အုပ်စုနိုင်ငံတွေကို ကိုယ်စားပြုမယ့် ICRC အဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူတွေလည်း ပါဝင်သင့်တယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေကို သီးခြားအဖွဲ့အစည်းတစ်ခုတည်းကို ကူညီထောက်ပံ့ပေးမှာလားဆိုတာ သံသယရှိစရာမလိုပါဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအစီအစဉ်သည် ထိုင်းနိုင်ငံ၏ဦးဆောင်ကြိုးပမ်းမှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ အာဆီယံအဖွဲ့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်က ပြောသည်။

Ref Thaipbs

Leave a Reply

Your email address will not be published. Required fields are marked *