၅. ၁၂ . ၂၀၂၂
Written By Myo Khine
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုတစ်ပတ်အတွင်း ဆန်တန်ချိန် နှစ်သောင်းကျော် ဆက်လက်တင်ပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဆန်ကို ATN GLORY သင်္ဘောပေါ်သို့ ဒီဇင်ဘာ လဆန်းပိုင်းတွင် စ၍ တင်နေကြခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အရာထမ်းတစ်ဦးက MT News သို့ ပြောသည်။
“အခု တင်နေတာ တန်ချိန် ၂၂၀၀၀ ရှိပါတယ်။ဒါနဲ့ဆိုရင် တန်ချိန်နှစ်သိန်းမှာ စုစုပေါင်းတန်ချိန် တစ်သိန်းသုံးသောင်း နီးပါးရှိပြီ။ အခု သင်္ဘောက ဒီတစ်ပတ်အတွင်းမှာ ထွက်ခွာမှာပါ။ ဆန်တင်တဲ့အခါမှာလည်း အရည်အသွေးတိုင်းတာရေးအဖွဲ့တွေက တိုင်းတာတဲ့လုပ်ငန်းကိုလည်း လုပ်ရတယ်”ဟု ယင်းက ပြောသည်။
မြန်မာ့ဆန်ကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ရာတွင် တရုတ်ယွမ်ဖြင့် တင်ပို့ရန် ခွင့်ပြုထားပြီး FOB ဈေးနှုန်းအဖြစ် တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်းလည်း အဆိုပါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အရာထမ်းက ဆိုသည်။
ပြီးခဲ့သည့်စက်တင်ဘာလတွင် ရေးထိုးခဲ့ကြသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) ကြောင့် Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့အနေဖြင့် ဧည့်မထ ၅ % တန်းမြင့်ဆန် တန်ချိန်နှစ်သိန်းကို သဘောတူစာချုပ် (Sales Contract) ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding – MoU) မှာ လက်ရှိ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ဖြစ်ကြောင်းလည်း သိရသည်။