October 20, 2024

၂၃. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်မြင့်တက်လာနေပြီး၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာကြောင်းကုလသမဂ္ဂအဖွဲ့ ၏ နောက်ဆုံးထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အဆိုပါ နေရပ်စွန့်ခွာခဲ့သူများအနက်မှ လူဦးရေ ၂ ဒသမ ၄ သန်းနီးပါးသည် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာထိန်းခဲ့သော၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းတွင် နေရပ်စွန့်ခွာရသူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ဆိုးရွားလာသော အခြေအနေများနှင့်အတူ နိုင်ငံအနှံ့အပြားတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ နှင့် တပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်လာသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် တိုးလာနေပြီး ဝင်ရောက်ကူညီခွင့်ကန့်သတ်ချက်များ ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

သို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲထားခြင်းကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစုသည် နေရပ်ကို ပြန်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့၏ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးမှုအဖွဲ့က ပြောသည်။

ထို့အတူ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်း တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ထွက်ပြေးခဲ့ရသောအိုးအိမ်စွန့်ခွာရသူ ၂၃,၀၀၀ နီးပါးသည် မြို့နယ် ၁၅ မြို့နယ်အတွင်းရှိနေရာပေါင်း (၁၄၁) ခုတွင်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့် အရှေ့ တောင်ပိုင်းလက်နက်ကိုင်တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် ပဋိပက္ခများဆက်လက်ဖြစ်ပွားနေရာ အရပ်သားများဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေလာနေသည့်အတွက် နေရပ်စွန့်ခွာတိမ်းရှောင်လာခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

Ref UN

Leave a Reply

Your email address will not be published. Required fields are marked *