October 19, 2024

၂၃. ၂. ၂၀၂၄
Written by Hey Mar

တိုက်ပွဲကြောင့် ပျက်စီးရတဲ့ မိုးကောင်း-ဖားကန့် ၆၆ ကေဗွီ ဓာတ်အားလိုင်းကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီမို့ အခု ဖေဖော်ဝါရီလကုန်မှာ ဖားကန့်မြို့ မီးပြန်လည်ရရှိနိုင်မယ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး – ဖားကန့်မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။

မဟာဓာတ်အားလိုင်းမှူးရုံး(ဝိုင်းမော်)က တာဝန်ယူ ထိန်းသိမ်းထားတဲ့ ၆၆ ကေဗွီ မိုးကောင်း-ဖားကန့်လိုင်းဟာ ဖားကန့်မြို့နယ်/နန့်တိန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီး ၆၆ ကေဗွီဓာတ်အားလိုင်း ထိခိုက်ပျက်စီးမှု့တွေ အတော်များများဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး – ဖားကန့်မှ တာဝန်ရှိသူက”ပြင်ဆင်မှုရာခိုင်နှုန်းက ၅၀ လောက်ပဲ ပြီးပါသေးတယ်။ မနေ့က မြစ်ကြီးနား ဖားကန့်မှာ မိုးပြန်ရွာတယ်။ လုပ်ငန်းတွေ ကြန့်ကြာတာပေါ့။ နယ်မြေ အခြေအနေက ကောင်းပါတယ်။ ကျွန်တော်တို့ တာဝန်ယူပြင်ဆင်မယ့် သူတွေရဲ့ မှတ်ပုံတင်နံပါတ်တွေက အစပေးပြီးမှ လူအပို အလိုမရှိ လုပ်ဆောင်ရတာတော့ရှိပါတယ်။ မြန်မြန်ပြီးဖို့အတွက်၊ မိုးမရွာဖို့နဲ့ တိုက်ပွဲ ပြန်မဖြစ်ဖို့ ဆုတောင်းနေရတယ်”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

မိုးပြန်လည်ရွာသွန်းလာတဲ့အတွက် စက်ယန္တရားတွေ မောင်းနှင်ရာမှာ လမ်းအခြေအနေ အခက်အခဲရှိပြီး၊ မြေကျင်းတူးကာ တိုင်တွေ ပြန်လည် ထူထောင်ရာမှာလည်း ရေဝင်တဲ့အတွက် အလုပ်မတွင်ဖြစ်နေရတယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ်မှာ အနယ်နယ် အရပ်ရပ်ကလာရောက်ကြတဲ့ လူဦးရေ တစ်သန်းကျော် နေထိုင်နေပြီး၊ လျှပ်စစ်မီးမရတာ ကြာရှည်လာတာနဲ့အမျှ မြို့ပေါ်က တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေမှအစ လုပ်ငန်းကြီးတွေအထိ အခက်အခဲတွေ ရင်ဆိုင်နေရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *