October 19, 2024

၂၃. ၂. ၂၀၂၄
Written by Pan Ei

ကမ္ဘာတဝှမ်းရှိ ဂီတအသံသွင်းလုပ်ငန်းကို ကိုယ်စားပြုတဲ့ အပြည်ပြည်ဆိုင်ရာ ဓာတ်စက်လုပ်ငန်းအဖွဲ့ချုပ် (IFPI) က နှစ်စဉ်ရွေးချယ်လေ့ရှိတဲ့ အကြီးမားဆုံး အဆိုပညာရှင်တွေရဲ့ အဆင့်သတ်မှတ်ချက်တွေကို ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

IFPI က ရွေးချယ်မှုမှာ ပြီးခဲ့တဲ့နှစ် တစ်နှစ်အတွင်း ကမ္ဘာတဝှမ်းလုံးက ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာအယ်လ်ဘမ် ရောင်းချရမှုတွေ၊ ဒေါင်းလုဒ်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ၊ Streaming ချန်နယ်တွေတစ်လျှောက် အနုပညာရှင်တွေရဲ့ ရေပန်းစားမှုတွေကို အခြေခံပြီး ရွေးချယ်ထားခြင်းဖြစ်ကာ ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ ကေပေါ့ပ်အဖွဲ့တွေက ၄ နေရာအထိ ပါဝင်လာခဲ့တာပါ။

အဆိုပါ စာရင်းထိပ်ဆုံး ၁၀ နေရာထဲမှာ တောင်ကိုရီးယားက အမျိုးသားအဆိုရှင်အဖွဲ့ ၃ ဖွဲ့နဲ့ အမျိုးသမီး အဆိုရှင်အဖွဲ့ ၁ ဖွဲ့တို့က ပါဝင်လာကြခြင်းဖြစ်ပြီး အဆင့်တွေအနေနဲ့ကတော့ SEVENTEEN အဖွဲ့က အဆင့် ၂၊ Stray Kids အဖွဲ့က အဆင့် ၃၊ TOMORROW X TOGETHER အဖွဲ့က အဆင့် ၇ နဲ့ အမျိုးသမီး အဆိုရှင်အဖွဲ့ NewJeans က အဆင့် ၈ တို့ဖြစ်ကြပါတယ်။

ဒါ့အပြင် ဆက်လက်ပြီး IVE အဖွဲ့က နံပါတ် ၁၂ နဲ့ NCT Dream အဖွဲ့က နံပါတ် ၁၅ နေရာကို ရယူထားကာ ကမ္ဘာတဝှမ်းမှာ ကေပေါ့ပ်အဖွဲ့တွေရဲ့ ကျော်ကြားမှုနဲ့ အောင်မြင်မှုကို ပြသနေတာလည်း ဖြစ်ပါတယ်။

IFPI က ရွေးချယ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအနုပညာရှင်စာရင်းမှာတော့ ကမ္ဘာကျော် အဆိုတော် တေလာဆွစ်က နံပါတ် ၁ နေရာမှာ ရပ်တည်နေနိုင်ခဲ့ပြီး ဒါဟာ သူမရဲ့ ၄ ကြိမ်မြောက် အဆင့် ၁ နေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်ကာ စံချိန်သစ်တစ်ခု ထပ်မံတင်နိုင်ခဲ့ပါတယ်။

Ref; Billboard

Leave a Reply

Your email address will not be published. Required fields are marked *