
၂၃. ၂. ၂၀၂၄
Written By Thandar
ဆိုင်းမိုင် ကာရိုက်တာနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ သားလေး မိုးမြင့်ရောင်စဉ်ထွန်းရဲ့ ရက်(၁၀၀) ပြည့်မွေးနေ့ စတုဒိသာအလှူကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ ရတနာ PK Htun စိန်ရွှေရတနာဆိုင်ရှေ့ ကျင်းပခဲ့ပါတယ်။
“ကျွန်မသားလေး ရက် ၁၀၀ ပြည့်အတွက် စတုဒိသာအလှူလေး PK Htun ဆိုင်ရှေ့ကျွေးမွေးတာပါ။ ဒီနေ့ဆိုင်မှာ စိန်ထည် ကျောက်ထည်ဝယ်ယူသူတွေကို ၅ ရာခိုင်နှုန်း လျှော့စျေးတွေပေးထားပါတယ်။ သားလေးနဲ့ မွေးနေ့တူတဲ့သူတွေလည်း မွေးနေ့လက်ဆောင်တွေ လာထုတ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ မွေးနေ့မှာ တခြားလက်ဆောင်လေးလည်း စီစဉ်ထားပါတယ်။ ရောင်စဉ်ထွန်းလို့ ထည့်ဖြစ်တာက သားအကြီးဆုံး နာမည်က ဘုန်းပြည့်ရောင်စဉ်ထွန်း။ ဒါကြောင့်မို့ သားအငယ်လေးနာမည်ကို မိုးမြင့်ရောင်စဉ်ထွန်း နာမည်လေး ပေးလိုက်တာပါ” လို့ သရုပ်ဆောင် ပိုးကြာဖြူခင်က ပြောပါတယ်။

အဆိုပါ စတုဒိသာအလှူမှာတော့ ဝက်သားကြော်၊ ဝက်သားနှပ်၊ ဆိတ်သားခြောက်၊ ငါးဟင်း ၊ ဆိတ်အူကြမ်းဟင်း၊ ဝက်အစုံသုတ်၊ ကြက်ကချင်ချက်၊ ပဲနှပ်၊ ချဥ်ရည်ဟင်း၊ မရမ်းသီးထောင်း၊ ငါးဖယ်ချဉ်သုတ်၊ ပဲစိမ်းကြော်၊ လက်ဖက်သုတ်၊ ရေသန့် ၊ သစ်သီးမျိုးစုံ စတာတွေကို လူအယောက်ထောင်နဲ့ ချီကျွေးမွေး လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သားလေး “မိုးမြင့်ရောင်စဉ်ထွန်း”ရဲ့ ရက်(၁၀၀) ပြည့် မွေးနေ့မှာ ဒီနေ့မှာမွေးတဲ့ မွေးနေ့ရှင်တွေအားလုံး မှတ်ပုံတင် (သို့) မွေးစာရင်းပြပြီး မွေးနေ့လက်ဆောင်ပေးအပ်သလို လက်ဝတ်ရတနာ ဝယ်ယူသူ စျေးဝယ်သူအားလုံးကို ၅ ရာခိုင်နှုန်းအထိ စျေးလျှော့ပေးထားတယ်လို့ ဆိုပါတယ်။ ပိုးကြာဖြူခင်တို့ မိသားစုကတော့ အလှူအတန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆာင်နေလျှက်ရှိပြီးတော့ မကြာခင်ရက်ပိုင်းကလည်း ခင်ပွန်းဖြစ်သူကို မန္တလေးမြို့မှာ ရဟန်းခံအလှူလေးလုပ်ခဲ့သေးတာဖြစ်ပါတယ်။





