◼️ မြန်မာနိုင်ငံအတွင်းတွင်လည်း တောမီးလောင်ကျွမ်းမှုများဖြစ်ပွားဟု တွေ့ရှိ
၂၃. ၂. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် ၁၀ ခုအတွင်း တောမီးလောင်ကျွမ်းမှုများကြောင့် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ မြေဧရိယာ စုစုပေါင်း ရွိုင် တစ်သန်း(ဟက်တာ ၁၆၀,၀၀၀) မီးလောင်ပျက်စီးခဲ့ရကြောင်း ထိုင်းနိုင်ငံ၏ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (GISTDA) က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုပြည်နယ် ၁၀ ခုတွင် တက်ခ်ပြည်နယ်၊ လမ်ပန်ပြည်နယ်၊ ချင်းမိုင်ပြည်နယ်၊ ပက်ချဘွန်ပြည်နယ်၊ နာခွန် ဆာဝန်ပြည်နယ်၊ မယ်ဟုံဆန်ပြည်နယ်၊ နန်ပြည်နယ်၊ ဖစ်ဆာနျူလော့က်ပြည်နယ်၊ အတ်ထရာဒစ်ပြည် နယ်နှင့် ကမ်ဖိန်းဖက်ပြည်နယ်တို့ ပါဝင်ကြကြောင်း GISTDA ၏ ထုတ်ပြန်ချက်ကဖော်ပြခဲ့သည်။
တောမီးလောင်ကျွမ်းမှုများက ဒေသခံပြည်သူများ၏ သီးနှံစိုက်ပျိုးမှုနှင့်ရိတ်သိမ်းမှုတို့မပြုမီ နယ်မြေကို မီးရှို့မှုများကြောင့် စတင်ဖြစ်ပွားရခြင်းဟုပြောခဲ့သည်။ မီးလောင်မှုဖြစ်ပွားရာနေရာအများအပြားက အမျိုးသားဥယျာဉ်များနှင့် စိုက်ပျိုးရေးပြုလုပ်ရာ နေရာများတွင်ဖြစ်သည်ဟု ခန့်မှန်းရပြီး တောမီးလောင်ကျွမ်းမှုမျာကို ဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီ ၂၂ ရက် တစ်ရက်တည်းတွင် ဂြိုဟ်တုမှပေးပို့သော သတင်းအချက်အလက်များအရ ထိုင်းနိုင်ငံတစ်ဝန်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာ ၁,၅၃၂ ခုရှိကြောင်းလည်းသိရသည်။ ၎င်းတို့တွင် အများဆုံးဖြစ်သော ၆၇၁ နေရာ၌လောင်ကျွမ်းမှုများက တောရိုင်းသစ်တောထိန်းသိမ်းရေး နယ်မြေများတွင်ဖြစ်ပြီး ၃၄၀ က အမျိုးသားကြိုးဝိုင်းသစ်တောများ၊ ၂၃၂ နေရာက စိုက်ပျိုးရေးပြုလုပ်ရာ နေရာများ၊ ၁၆၁ နေရာက စိုက်ပျိုးရေးဝန်ကြီးဌာနက ဒေသခံများသို့ ပေးအပ်ထားသည့်နယ်မြေများ ဟုလည်း GISTDA ၏ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။ ကန်ချနာပူရီမြို့တွင် တောမီးလောင်မှုအများဆုံးဖြစ်ကာ ၂၂၁ နေရာတွေ့ရကြောင်းလည်း သိရသည်။
ထို့ပြင် GISTDA က ဒေသတွင်းအခြားနိုင်ငံများအနက် မြန်မာနိုင်ငံ၌ ၁,၄၈၅ နေရာ၊ လာအိုနိုင်ငံ၌ ၈၅၁ နေရာ၊ ကမ္ဘောဒီးယားနိုင်ံငံ၌ ၈၃၃ နေရာနှင့် ဗီယက်နမ်နိုင်ငံ၌ ၅၉၅ နေရာတို့တွင် တောမီးလောင်ကျွမ်းမှုများဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
Ref- Nation Thailand