၂၃. ၂. ၂၀၂၄
Written by Hey Mar
ရွှေစက်တော်ဘုရားပွဲတော်ကာလဖြစ်တဲ့ မနေ့က ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာ မန်းချောင်းအတွင်း အသက်၂၄ နှစ်အရွယ် ဘုရားပြည်သူတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြတ်စေတနာ လူမှုကူညီရေးအသင်း (စကု) ကနေ သိရပါတယ်။
ဖြစ်စဥ်က နေ့လည် ၁၂ နာရီ နဲ့ ၁ နာရီကြားမှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူက ရမည်းသင်းမြို့နယ်ကနေ မိသားစုလိုက် ဘုရားဖူးထွက်လာကြတာလို့ သိရပါတယ်။
မြတ်စေတနာ လူမှုကူညီရေးအသင်းဝာာဝန်ရှိသူက”ဆုံးသွားတဲ့ မိန်းကလေးရဲ့ အမျိုးသားပြောပြတာက သူတို့ အဖွဲ့လိုက်ရေကူးနေတာ။ အသက် ၁၃ နှစ် ၁၄ အရွယ် တူမလေးတွေလည်း ပါတယ်။ အဲဒီ့ကလေးနှစ်ယောက် ရေစီးနဲ့ ပါသွားတာကို ရေနစ်သေဆုံးတဲ့ မိန်းကလေးက လိုက်ဆွဲတာလို့ ပြောတယ်”လို့ MT News ကို ပြောပါတယ်။
ချောင်းရေက ခါးလောက်ပဲ ရှိပေမယ့် တချို့နေရာတွေမှာ ချိုင့်လေး ကျင်းလေးတွေ ဖြစ်နေတတ်ပြီး ရေစီးကြောင်း ရှိနေကြောင်း၊ ချိုင့်ကိုနင်းမိရာက မတော်တဆ မြှုပ်တာကနေ ပြန်မထနိုင်တော့ဘဲ ရေနစ်သေဆုံးတဲ့အထိ ဖြစ်ပွားရတာလို့ သိရပါတယ်။
“ဘုရားဂေါပက အဖွဲ့တွေ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ အနေနဲ့လည်း ရေကင်းတွေ ချထားတာပဲ။ ဒါပေမယ့် ရေနစ်တယ်ဆိုရာမှာလည်း CPR က မိနစ်ပိုင်းအတွင်း လုပ်နိုင်မှ အသက်ပြန်လုလို့ရတာမို့ အခြေအနေတွေက မိနစ်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားရတာပါ”လို့ မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူက မြေပြင်ကူညီရာမှာ ကြုံတွေ့ရတာကို ပြောပြပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုမြို့ရှိ မန်းရွှေစက်တော် ဘုရားပွဲကို နှစ်စဥ်နှစ်တိုင်း ဖေဖော်ဝါရီလကနေ ဧပြီလ သင်္ကြန်ပွဲတော်ပြီးတဲ့အထိ ကျင်းပလေ့ရှိပြီး ကပ်ရောဂါကာလအတွင်း ပွဲတော်ကျင်းပမှု ရပ်နားထားရာကနေ မနှစ်က ၂၀၂၃ ခုနှစ်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
မနှစ်ကလည်း မန်းချောင်းအတွင်း သူငယ်ချင်း သုံးဦး သုံးလောင်းပြိုင် ရေနစ်သေဆုံးတဲ့ ဖြစ်စဥ်ရှိခဲ့သလို၊ ဘုရားပွဲကာလအတွင်း လူသေဆုံးခြင်းမရှိဘဲ ပြီးမြောက်ခဲ့တဲ့ နှစ် မရှိသလောက်ဘဲလို့လည်း ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။