၂၃. ၂. ၂၀၂၄
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအဝင်မှာ မနေ့က နေ့လယ်အချိန် လမ်းကိုတားပြီး ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးငွေကြေးကောက်ခံနေတဲ့ PDF ၁၅ ဦးခန့်ဟာ ဘုန်းကြီးကျောင်းကားတစ်စီးကို တားဆီးစစ်ဆေးချိန် ကျော်လွန်ရပ်တာကြောင့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်လို့ ရဟန်းတစ်ပါးပျံလွန်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဖြစ်စဉ်က ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာက ဆရာတော် ဦးအဂ္ဂဥာဏဟာ ပိုင်ဆိုင်တဲ့ MARK II ရွှေငါး ခဲရောင်ယာဉ်နဲ့ မြေနီပြင်ကျေးရွာက အမျိုးသားတစ်ဦး တစ်လပြည့်ဆွမ်းကပ်အလှူကို ဖေဖော်ဝါရီ ၂၀ ရက်မှာသွားရောက်ပြီး ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်အချိန်မှာ ယာဉ်မောင်း ဦးအေးမင်းအောင်မှုနဲ့ ပြန်လည်ထွက်ခွာလာရာမှာ ယာဥ်ပေါ်မှာ မောင်းနှင်သူနဲ့အတူ ဆရာတော် ဦးအဂ္ဂဥာဏ၊ ဒေါ်စန်းဝင်း၊ ဒေါ်သန်းမီ၊ မခိုင်ဌေး၊ မအိအိဖြိုးတို့ လိုက်ပါလာတယ်လို့ သိရပါတယ်။ မွန်းမတည့်မီ မြင်းခြံမြို့အရောက် ဆွမ်းစားနားပြီး ပြန်လည်ထွက်ခွာလာချိန် အခင်းဖြစ်ရာ ရွာကြီးကျေးရွာအဝင်မှာ PDF ၁၅ ဦးခန့်က တားဆီးချိန် ကျော်လွန်သွားတာကြောင့် ကားကိုနောက်ပြန်ဆုတ်ချိန်မှာ PDF တွေက ပစ်ခတ်တာကြောင့် သက်ရွယ်ကြီး ရဟန်းတစ်ပါးနဲ့ အမျိုးသမီးကြီးနှစ်ဦးသေဆုံးခဲ့ရသလို အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကနဦးသိရပါတယ်။
PDF တွေရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၆ ဦးအနက် ယာဉ်မောင်း ဦးအေးမင်းအောင်နဲ့ ဒေါ်စန်းဝင်းတို့ ဒဏ်ရာမရရှိပေမဲ့ သက်တော် ၇၆ နှစ် ဝါတော် ၃၆ ဝါရှိ ဆရာတော် ဦးအဂ္ဂဥာဏဟာ ဝဲဘက်နံဘေး ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ယာဘက် ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ခါးစောင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်နဲ့ အခင်းဖြစ်နေရာတင် ပျံလွန်ခဲ့သလို ကျောက်ဆည်မြို့ ကတဲကျေးရွာနေထိုင်ကြတဲ့ အသက် ၇၀ အရွယ် ဒေါ်သန်းမီနဲ့ အသက် ၄၀ ခန့် မခိုင်ဌေးတို့အခင်းဖြစ်ရာနေရာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို အသက် ၂၃ နှစ်အရွယ် မအိအိဖြိုးလည်း ဝဲဘက်ပေါင်ရင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာတော့ ကျုးလွန်တဲ့ PDF အဖွဲ့က ဖြေရှင်းချက်မပေးပေမဲ့ မြင်းခြံ၊ နွားထိုးကြီး PDF တွေဟာ ဆက်ကြေးကောက်ခံမှု၊ ပြည်သူ့ကားတွေ မကြာခဏပစ်ခတ်မှုပြုလုပ်နေသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၈ လပိုင်းကလည်း သံဃာတစ်ပါးအပါအဝင် လူဆယ်ချီသတ်ဖြတ်ပြီး ရွှေဆိုင်လုယက်သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲဆက်ကြေးကောက်ခံမှုတွေ အမှုပေါင်းရာချီကျုးလွန်ထားတဲ့ NUG လက်အောက်ခံ မြင်းခြံခရိုင်တပ်ရင်း MG 6 အဖွဲ့ကို ရေစကြို ပကဖအဖွဲ့က ခေါင်းဆောင်ဖြစ်သူ သတ်ဖြတ်ပြီး လက်အောက်ခံတွေဖမ်းဆီးရမှုလည်းဖြစ်ပွားခဲ့ပါတယ်။