October 20, 2024

၂၃. ၂. ၂၀၂၄
Written by Pan Ei

စပိန်နိုင်ငံ ဗလင်စီယာမြို့မှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၂ ရက် ညက လူနေအထပ်မြင့်တိုက်ခန်းတစ်ခုလုံး မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပြီး တိုက်ခန်းတွေအတွင်း ပိတ်မိနေသူတွေလည်း ရှိနေသေးတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါ့အ​ပြင် မီးသတ်သမား ခြောက်ဦးနဲ့ ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ ၁၄ ဦးလည်း ဒဏ်ရာရရှိခဲ့သလို မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့သိရပြီး ပြည်သူတွေအနေနဲ့ မီးလောင်မှုဖြစ်ပွားရာနေရာနဲ့ ဝေးဝေးနေဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

အဆိုပါ အဆောက်အအုံမှာ အခန်းပေါင်း ၁၃၈ ခန်း ပါဝင်ပြီး လူပေါင်း ၄၅၀ ခန့် နေထိုင်ကြောင်း အဆောက်အအုံမန်နေဂျာရဲ့ပြောကြားချက်ကို ကိုးကားပြီး El Pais သတင်းစာက ဖော်ပြခဲ့ပါတယ်။

မီးလောင်မှုဟာ အဆောက်အအုံရဲ့စတုတ္ထထပ်က စတင်ခဲ့တာဖြစ်ပြီး တခြားတိုက်ခန်းတွေကို ကူးစက်သွားခြင်းဖြစ်ကာ အဆောက်အအုံတစ်ခုလုံး မီးလောက်ကျွမ်းမှုဟာ ၁၀ မိနစ်အတွင်း အမြန်ပျံ့နှံ့သွားခဲ့တာလည်းဖြစ်ပါတယ်။

ခုလို အလျင်အမြန်လောင်ကျွမ်းသွားရတဲ့ ဖြစ်စဉ်အပေါ် အင်ဂျင်နီယာတစ်ဦးဖြစ်သူ David Higuera က အဆောက်အအုံရဲ့အပြင်ဘက်အလွှာမှာ လျှပ်ကာပစ္စည်းတွေအနေနဲ့ မြှုပ်ထားတဲ့ အလူမီနီယမ်ပြားတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားခဲ့ပြီး အဲ့ဒီအမြှုပ်ပုံစံပါတဲ့ အလူမီနီယမ်ပြားတွေဟာ အပူနဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိပေမဲ့ မီးအလွန်လောင်ကျွမ်းနိုင်တာလည်း ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *