October 19, 2024

၂၂. ၂.၂၀၂၄
Written by Naing Thuta

ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂၃ ရက်(မနက်ဖြန်)မှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြာင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်နေ့(ဖေဖော်ဝါရီလ ၂၃ ရက်နေ့)မှ စတင်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ယခင်နှစ်တွေက တပို့တွဲလဆန်းလောက်က ဘုရားပွဲစလုပ်ခဲ့တာ တပေါင်းလပြည့်နေ့အထိပဲ။ တစ်ခါတစ်လေဆို လပြည့်ကျော်ရင်တောင် စျေးသည်တွေက မပြန်ကြသေးဘူး။ ဒီနှစ်တော့ ရှင်အပါး ၅ ထောင်ပါ ရှင်ပြုအလှူတော်မင်္ဂလာကို ဧပြီပထမအပတ် ၅/၆/၇ ရက်နေ့တွေမှာ ကျင်းပသွားမှာဆိုတော့ ပွဲက အဲ့နေ့အထိလည်း ဖြစ်သွားနိုင်တယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ အဲ့ဒါကြောင့် အရင်နှစ်တွေက လုပ်တဲ့ စေတီရဲ့ အနောက်မုခ်မှာ မလုပ်တော့ဘဲ တောင်ဘက်မုခ်မှာ ဒီနှစ်တော့ ပြောင်းလုပ်မှာဖြစ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီးတော့ အလှူတော် မဏ္ဍပ်မင်္ဂလာအတွက် ပန္နက်စရိုက်ခဲ့တာ။ ဘုရားပွဲကိုတော့ မနက်ဖြန်ကနေ စမှာဖြစ်လို့ ၁၂ ပွဲစျေးသည်တွေပါ စျေးဆိုင်ခန်းတွေဆောက်ပြီး စျေးစတင်ရောင်းချနေကြပြ။ အရင်နှစ်များလိုပဲ စည်ကားအောင်လို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပွဲကျင်းပရေးကော်မတီအဖွဲ့တို့ ပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်နေကြပါတယ်”ဟု ဘုရားဂေါပအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဘုရားပွဲတော်ကို ယခင်နှစ်များက ဘုရားကြီး၏ အနောက်ဘက်မုခ်တည့်တည့်တွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ သဲဖြူဆရာတော်ဘုရားကြီးနှင့် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်၍ လာမည့် ဧပြီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ရှင်အပါး ၅၀၀၀ အားရှင်ပြုအလှူတော်မင်္ဂလာပွဲကျင်းပနိုင်ရန် မဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်သည့်အတွက် နေရာအခက်အခဲများမဖြစ်စေရန် ဘုရားကြီး၏ တောင်ဘက်မုခ်ဝတွင် ပြောင်းလဲ၍ ကျင်းပသွားမည်ဖြစ်သည်။

ထိုသို့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူဖြင့် ဆိုင်ခန်းများ စနစ်တကျ တည်ဆောက်ခြင်း၊ ဘုရားဖူးလာရောက်သည့် ဧည့်သည်တော်များအား အခက်အခဲမဖြစ်စေရန် ယာဥ်ရပ်နားစခန်းများ စိစစ်သတ်မှတ်ပေးထားခြင်းများ၊ ဗုဒ္ဓပူဇနိယပွဲတော် အစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဥ်ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *