၂၂. ၂. ၂၀၂၄
Written by Htwe Ko Tun
ပြည်တွင်းစစ်ပဋိပက္ခအခြေအနေနဲ့ ဆိုးဝါးစွာရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ နစက အစိုးရက ဖေဖော်ဝါရီလ အတွင်းမှာပဲ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်မှုက မြန်မာနိုင်ငံတစ်ဝန်း လူငယ်လူရွယ်တွေအကြား အဓိက လှုပ်လှုပ်ရှားရှားဖြစ်စေတဲ့ အကြောင်းတစ်ရပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းရှိတဲ့ အမျိုးသမီးတွေက စစ်မှုထမ်းဖို့အကျုံးဝင်မည်ဖြစ်ကာ နှစ်နှစ်ကြာ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေလို ပညာသည်တွေအနေနဲ့တော့ အသက် ၄၅ နှစ်အထိ အကျုံးဝင်မှာဖြစ်ပြီး သုံးနှစ်ကြာစစ်မှုထမ်းရမယ်လို့ ဥပဒေကဆိုပါတယ်။ တကယ်လို့ စစ်မှုထမ်းရန်အလိုရှိပါလျက် ရှောင်တိမ်းနေကြမယ်ဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ်လည်းချမှတ်ခံရမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဥပဒေအရ စစ်မှုထမ်းရန်အသက်အားဖြင့် အကျုံးဝင်ပေမယ့် အစိုးရဝန်ထမ်းတွေနဲ့ အိမ်ထောင်ရှိသူ၊သာသနာ့ဝန်ထမ်းတွေ၊ ပညာဆက်လက်သင်ကြားနေသူတွေ၊သက်ကြီးရွယ်အိုမိဘတွေကို လုပ်ကျွေးပြုစုနေရသူတွေ၊ ကျန်းမာရေးမကောင်းမွန်သူတွေကိုတော့ ခြွင်းချက်ပေးပြီး စစ်မှုထမ်းရန်ရွှေ့ဆိုင်းခွင့်ပေးမယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တစ်နှစ်ကို စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူ ၅၀,၀၀၀ အထိ စစ်မှုထမ်းရန်ဆင့်ခေါ်သွားမှာဖြစ်ပြီး လစာ၊ ရိက္ခာနဲ့ ပညာအရည်အချင်းနဲ့ အရည်အသွေးတို့အရ ရာထူးနေရာတို့ကို တပ်မတော်သားတွေအတိုင်းရရှိမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။
ဒါပေမယ့် ဥပဒေထွက်လာတဲ့အချိန်ကလည်း နိုင်ငံအတွင်း လူမျိုးစုလက်နက်ကိုင်တွေနဲ့ PDF လက်နက်ကိုင်တွေကို မြန်မာ့တပ်မတော်အနေနဲ့ အပြင်းအထန်တိုက်ခိုက်မှုပြုနေရချိန်ဖြစ်ပြီး နိုင်ငံရဲ့နယ်စပ်ဒေသအချို့ဟာဆိုရင် လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ လက်အောက်ရောက်နေချိန်ပါ။ တိုက်ခိုက်မှုတွေအကြား နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်းရှိမှာပါ။ ဒါကြောင့်လည်း ဟုတ်တာ မဟုတ်တာ ထားတော့၊ အစိုးရအနေနဲ့ နိုင်ငံတစ်ဝန်း လက်နက်ကိုင်သောင်းကျန်းသူတွေကို ဆက်လက်ရင်ဆိုင်နိုင်အောင် တပ်မတော်ကိုအင်အားဖြည့်တာပဲဆိုတဲ့ သွေးထိုးမှုသတင်းက စစ်မှုထမ်းဖို့တွန့်ဆုတ်နေတဲ့လူငယ်လူရွယ်တို့အကြား ချက်ချင်းပျံ့နှံ့ကာ ပိုလို့ကြောက်ရွံ့စေခဲ့တာပါ။
မိမိသဘောဆန္ဒအရ စစ်မှုထမ်းရန်လိုလားသူတွေလည်း ရှိနိုင်မှာပါ။ သို့သော်လည်း ခုလိုပြည်တွင်းပဋိပက္ခ ပြင်းထန်နေတုန်းမှာ ဒီလိုအင်အားစုကတော့ အနည်းစုဖြစ်ပါလိမ့်မယ်။ တစ်ခါ ဥပဒေစထွက်လာကတည်းက ခုချက်ချင်းဆိုသလို စစ်မှုထမ်းဖို့စုဆောင်းပြီး ရှေ့တန်းကို ပို့တော့မယ်လို့ ပြည်တွင်းပြည်ပမှ မီဒီယာအင်အားစုတွေ၊ အစိုးရဆန့်ကျင်ရေးအင်အားစုတွေရဲ့ သွေးထိုးမှုကို ယုံကြည်မိတဲ့အခါမှာတော့ လူငယ်တွေအဖို့ လိုတာထက်ပိုပြီး ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ခဲ့ကြတယ်လို့ပဲ ဆိုချင်ပါတယ်။
ဒီနေရာမှာ စစ်မှုထမ်းရမှာကြောက်ရွံ့တွန့်ဆုတ်နေကြတဲ့ မြန်မာလူငယ်တွေကို တစ်ဖက်သတ်တော့အပြစ်မဆိုလိုပါဘူး။ လူသိများလှတဲ့ ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် နဲ့ လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ကို စစ်မှုထမ်းဖို့ဆင့်ခေါ်စဉ်ကအကြောင်းလေးတွေကို ပြောလိုပါတယ်။
အမေရိကန်ဟာ ဗီယက်နမ်စစ်ပွဲကို ပါဝင်နေချိန်မှာ အကျအဆုံးများလာမှုနဲ့အတူ စစ်မှုထမ်းရန်ဆင့်ခေါ်မှုကို အမေရိကန်လူငယ်တွေထံ ပြုလုပ်ခဲ့ရပါတယ်။ ဒေါ်နယ်ထရန့်က ထိုစဉ်က လူငယ်ဘဝ စစ်မှုထမ်းရန်အကျုံးဝင်သူပါ။ ဒါပေမယ့် ထရန့်က ငါးကြိမ်တိုင်တိုင် စစ်မှုထမ်းရန်ဆင့်ခေါ်မှုကို ရွှေ့ဆိုင်း ရှောင်တိမ်းခဲ့ပါတယ်။ လေးကြိမ်ကိုပညာသင်ကြားနေဆဲမို့ အကြောင်းပြခဲ့ပြီး တစ်ကြိမ်ကိုတော့ ဖနောင့်ရိုးက အတက်ထွက်နေမှု ကုသရန်လို့ အကြောင်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရက် အထက်လွှတ်တော်အမတ်တစ်ဦးကဆိုရင် ထရန့် ကို ‘ဗိုလ်လောင်းဖနောင့်အတက်’ (Cadet Bone Spurs) လို့ လှောင်ပြောင်ခေါ်ဝေါ်ခဲ့ဖူးပါတယ်။
သူ့လိုပါပဲ။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကျန်းမာရေးကိုအကြောင်းပြလို့ ဗီယက်နမ်စစ်ပွဲအတွက် စစ်မှုထမ်းဖို့ဆင့်ခေါ်မှုကနေ ငါးကြိမ်တိုင်တိုင်ရှောင်တိမ်းဖူးခဲ့ပါတယ်။ဒီမှာ သူတို့နှစ်ဦးတင်မကပါဘူး။ အမေရိကန်မှာ ချမ်းသာကြွယ်ဝတဲ့အထက်တန်းလွှာမိသားစုတွေက လူငယ်တွေဟာ စစ်မှုထမ်းရန်ဆင့်ခေါ်မှုကို နည်းအမျိုးမျိုးနဲ့ ရှောင်တိမ်းကြတာတွေ့ရပါတယ်။
ဒီမှာ အမေရိကန်လိုနိုင်ငံမှာတောင် သမ္မတဖြစ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင် စစ်မှုထမ်းဖို့ရှောင်တိမ်းကြသေးတာ၊ ကိုယ့်နိုင်ငံကလူငယ်တွေလည်း ဒီလိုဖြစ်သင့်တာပေါ့လို့တော့မဆိုပါဘူး။ အမေရိကန်က သူပါဝင်ပတ်သက်နေတဲ့ ပထမကမ္ဘာစစ်ပွဲ၊ ဒုတိယကမ္ဘာစစ်ပွဲ၊ တောင်ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ တို့အတွက် စစ်မှုထမ်းဖို့ဆင့်ခေါ်ခဲ့တာပါ။မြန်မာနိုင်ငံအနေနဲ့တော့ အာဏာရရေးဆိုရင် ပြည်ထောင်စု ပြိုကွဲမှာကို အလေးမထားဘဲ ပြည်တွင်းစစ်ပွဲဆင်နွှဲနေကြတဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ နောက်ကွယ်က ပါလာနိုင်တဲ့ ပြည်ပရန်တွေကိုပါ ကာကွယ်ဖို့ဖြစ်လို့ ကွာခြားတယ်လို့ဆိုချင်ပါတယ်။
ဒီမှာ နစက အစိုးရ ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမထုတ်ပြန်ခင်ကတည်းက လူမျိုးစုလက်နက်ကိုင်တွေက သူတို့စိုးမိုးထားတဲ့နယ်မြေတွေမှာ တိုင်းရင်းသားလူငယ်တွေကို အတင်းအဓမ္မဆင့်ခေါ်ပြီး စစ်မှုမထမ်းမနေရ လုပ်နေကြတာပါ။ တစ်ခါ စစ်မှုထမ်းရမှာကြောက်လို့ အိမ်နီးချင်းထိုင်းနိုင်ငံကို မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေများလာလို့ ထိုင်းအာဏာပိုင်တွေကဖမ်းဆီးကာ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်သတိပေးစကားပြောလာတာလည်း တွေ့ရပါတယ်။ဖမ်းဆီးခံထားရတဲ့မြန်မာလူငယ်တွေကိုလည်း ပုံတွေနဲ့အတူတွေ့လာရတာပါ။
ဒါကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြောက်ရွံ့မှုနဲ့အတူဖြစ်လာရတဲ့နောက်ဆက်တွဲတွေပါပဲ။
ဒီမှာ တကယ်လို့စစ်မှုထမ်းရရင်တောင် ရွာပေါင်း ၆၀,၀၀၀ ကျော်ရှိတဲ့မြန်မာနိုင်ငံမှာ တစ်နှစ်လုံးနေမှ ရွာတစ်ရွာကို စစ်မှုထမ်းရမယ့်သူ တစ်ဦးနှစ်ဦးထက်မပိုနိုင်ဘူးဆိုတာ နစက သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကဆိုထားပါတယ်။ ဒီဥပဒေက လူငယ်တွေကို ရှေ့တန်းပို့စစ်တိုက်ခိုင်းဖို့ထက် ပြည်သူတိုင်းစစ်ပညာ တတ်မြောက်ကြရေးကို ဦးတည်ပါတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့်လည်း မြန်မာလူငယ်တွေကို ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်စာရောက်ခဲ့မယ်ဆိုရင် ပျော်ပျော်ကြီးစစ်မှုထမ်းလိုက်ပါလို့တော့ မပြောလိုပါဘူး။ ဒါက လူတိုင်းလူတိုင်းရဲ့ သဘောထားနဲ့ သူတို့ မိသားစု၊ ပတ်ဝန်းကျင်အခြေအနေစတာတွေအပေါ်လည်း တည်နေနိုင်သေးလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ မရေရာတဲ့ ဘေးစကား သွေးထိုးမှုတွေကြောင့် လိုအပ်သည်ထက်ပိုလို့ကြောက်ရွံ့ပြီး စစ်မှုထမ်းမှုကို ရှောင်တိမ်းရင်း မလိုလားအပ်တဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့် ဒုက္ခမရောက်ကြစေဖို့တော့ မြန်မာလူငယ်တွေအနေနဲ့ သတိရှိရမယ်လို့ အထူးဆိုချင်ပါတယ်။