၂၂. ၂. ၂၀၂၄
Written by Hey Mar
လေဖြတ်နေတဲ့ ဝေဒနာသည်ကို မိသားစုက ဒဂုံဆိပ်ကမ်းမြို့နယ်ရဲ့ ၆၇ ရပ်ကွက်၊ ဒုတ္ထဝတီ ကားမှတ်တိုင်အနောက်၊ လမ်းဘေးမှာ စွန့်ပစ်လိုက်တာကြောင့် အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းက သန်လျင်ခိုကိုးရာမဲ့ သဘာဝတရားရိပ်သာဆီကို ဒီနေ့ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။
အဆိုပါလူနာဟာ အသက် ၄၇ နှစ်အရွယ်သာရှိသေးပြီး အရက်စွဲကာ လေဖြတ်ဝေဒနာ ခံစားနေရတာပါ။ မိသားစုက ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက်မှာ အရင်ကနေထိုင်ပေမယ့် အခုအခါ သူ့ကို စွန့်ပစ်ပြီး ပြောင်းရွှေ့သွားကြပုံရတယ်လို့ သိရပါတယ်။
“လေဖြတ်နေသူ အဲဒီ့ ကားမှတ်တိုင်နောက်ကျောကို ရောက်နေတာ ၄ ၊ ၅ ရက်ရှိနေပြီလို့ ပတ်ဝန်းကျင်က ကျွန်တော်တို့ကို အကြောင်းကြားလာတယ်။ အဲ့ဒါနဲ့ သွားကြည့်ပြီး တစ်နေရာရာပို့ဖို့စီစဥ်ရတာမို့ သန်လျင်သဘာဝတရားရိပ်သာဆီပဲ မေးရတယ်။ သူတို့ဘက်ကလည်း လူ့အသက်တစ်ချောင်းမို့ လာခဲ့ပါဆိုလို့ လိုက်ပို့ပေးတာပါ။ ဝေဒနာသည်က အရက်လည်း စွဲနေတော့ သူ့သူငယ်ချင်းတချို့က အရက်တော့ လာတိုက်ကြတယ်တဲ့။ အခု ကွန်းခိုရာက လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ပေးမှာပါ”လို့ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းရုံးချုပ် ဥက္ကဋ္ဌ ကိုလှိုင်ဝင်းက MT News ကို ပြောပါတယ်။