October 20, 2024

၂၂. ၂. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ ပုလဲမြစ်ကူး တံတားကို ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းက ကုန်တင်သင်္ဘောတစ်စီးက ဝင်တိုက်မှုကြောင့် တံတားတစ်ပိုင်းကျိုးကျခဲ့ပြီး တံတားပေါ်က မော်တော်ယာဉ်တွေလည်း မြစ်ရေထဲကျမှု ဖြစ်ပွားခဲ့ရာက လူ ၂ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဖူရှမ်မြို့ကနေ ကွမ်ကျိုးတောင်ပိုင်းခရိုင်ကို ထွက်ခွာလာခဲ့တဲ့ ကုန်တင်သင်္ဘောအလွတ်ဟာ ဒီနေ့မနက် ၅ နာရီ ၃၀ မိနစ်က မြို့တော် နမ်ရှခရိုင်ရှိ လီဆင်ရှတံတားကို တိုက်မိခဲ့တာဖြစ်ပြီး ကနဦး စုံစမ်းမှုတွေအရ တံတားတစ်ပိုင်း ကျိုးကျချိန် တံတားပေါ်မှာ ဆိုင်ကယ်တစ်စီးအပါအဝင် ယာဉ်ငါးစီးရှိနေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီယာဉ် ငါးစီးအနက် ဘတ်စ်ကားတစ်စီးနဲ့ တခြားယာဉ်တစ်စီးက မြစ်ထဲ ကျသွားခဲ့ပြီး ကျန် ၃ စီးကတော့ ကုန်တင်သင်္ဘောပေါ် ကျသွားခဲ့တယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြထားသလို ရေထဲပြုတ်ကျသွားတဲ့ ဘတ်စ်ကားမှာ ယာဉ်မောင်းတစ်ယောက်သာ ပါဝင်ခဲ့ကာ သူက သေဆုံးတဲ့ လူစာရင်းထဲ ပါ မပါကိုတော့ မသိရသေးပါဘူး။

အဲ့ဒီဖြစ်စဉ်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး သင်္ဘောအမှုထမ်းတစ်ဦး ဒဏ်ရာရရှိကာ အခြားနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပေမဲ့ လူ သုံးဦးကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ အာဏာပိုင်တွေက မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး အသေအပျောက် အချက်အလက်တွေကို စစ်ဆေးနေဆဲဖြစ်ကြောင်း ကွမ်ကျိုးရေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ တံတားတစ်ပိုင်းကျိုးကျမှုဖြစ်စဉ်ကြောင့် အနီးနားက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး သင်္ဘောပိုင်ရှင်ကို တာဝန်ရှိသူတွေက ဖမ်းဆီးထားကာ သင်္ဘောတွေနဲ့ မော်တော်ယာဉ်တွေကိုလည်း လမ်းလွှဲကို အသုံးပြုဖို့ တာဝန်ရှိသူတွေက အကြံပြုထားပါတယ်။

လီဆင်ရှ တံတားဟာ ဆန်းမင်းကျွန်းမှာနေထိုင်သူတွေအတွက် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် ပုလဲမြစ်ဝအနီး သာယာဝပြောတဲ့ တောင်ပိုင်းကွမ်တုံပြည်နယ်ရဲ့မြို့တော် ကွမ်ကျိုးဟာလည်း တရုတ်နိုင်ငံရဲ့ အစည်ကားဆုံး ရေကြောင်းပို့ဆောင်ရေးနဲ့ ကုန်သွယ်မှုအတွက် အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *