
၅. ၁၂. ၂၀၂၂
Written by Pan Ei
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့ဘက်ရှိ အမြင့်ဆုံးမီးတောင်ဖြစ်သော Semeru မီးတောင်သည် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၄ရက်)နေ့က ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီးနောက် ပြာများသည် လေထုထဲသို့ အမြင့်ပေ ၅၀၀ခန့် အထိ လွင့်စင်ခဲ့သောကြောင့် သတိပေးချက်များအား အမြင့်ဆုံးအထိ ထုတ်ပြန်ခဲ့ပြီး လူပေါင်း ၂၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ၏ မီးတောင်နှင့် ဘူမိဗေဒ အန္တရာယ် လျော့ပါးရေး အေဂျင်စီက တနင်္ဂနွေနေ့တွင် Semeru မီးတောင်အတွက် သတိပေးချက် အဆင့်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားရာ တောင်ထိပ်မှ ၅မိုင် (၈ကီလိုမီတာ) အတွင်း သွားလာခြင်း၊ ဝင်ရောက်ခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
အမြင့်ပေ ၁၂,၀၆၀ ရှိသော အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် အသေအပျောက်သတင်း ထုတ်ပြန်ခြင်းမရှိသေးသလို လေကြောင်းခရီးစဉ်များလည်း ပြတ်တောက်မှုမရှိသေးကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်စုစုပေါင်း ၁၄၂ လုံးရှိပြီး မီးတောင်များနှင့် ၆ မိုင်အကွာအဝေးအတွင်း လူဦးရေ ၈ ဒသမ ၆ သန်းခန့် နေထိုင်ကာ ကမ္ဘာပေါ်တွင် မီးတောင်များအနီး နေထိုင်သူ ဦးရေ အများဆုံးနိုင်ငံလည်း ဖြစ်သည်။ Semeru မီးတောင်သည် ၂၀၂၁ ခုနှစ်ကလည်း ပေါက်ကွဲခဲ့ပြီး လူ ၅၀ ကျော် သေဆုံးကာ လူများ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် အခံရဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် နိုဝင်ဘာလကလည်း ၅ ဒသမ ၆အဆင့်ရှိသည့် ငလျင်တစ်ခု အနောက်ဂျာဗားကျွန်းတွင် လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ ၃၀၀ ကျော် သေဆုံးခဲ့ရသည်။
Ref; Reuters






