October 20, 2024

၂၂. ၂. ၂၀၂၄
Written by Naing Thuta

ရတနာပုံတက္ကသိုလ် (၂၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဘာသာရပ်ပေါင်းစုံစျေးရောင်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ ထန်းတောရပ်၊ ယင်းတက္ကသိုလ် လေးထပ်ဆောင်မြေညီထပ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၂ ရက်)မနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း ပါမောက္ခချုပ် ဒေါက်တာ တင်မိုးသူဇာထံမှ သိရသည်။

နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ယင်းတက္ကသိုလ် အနုပညာအသင်းမှ မင်္ဂလာရှိသောနေ့သစ် သီချင်းဖြင့်သီဆိုဖျော်ဖြေ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး ပါမောက္ခချုပ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်း၍ ဆရာဆရာမများ၊ ဝန်ထမ်းများအား မိမိကျရာတာဝန်ကိုကျေပွန်အောင်ဆောင်ရွက်ပေးခဲ့ကြသဖြင့် ကျေးဇူးတင်ပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးစီဖြူ(အငြိမ်းစား)၊ ညွှန်ကြားရေးမှူး ဒေါက်တာ မြဦး(အငြိမ်းစား)နှင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၊ မန္တလေးတိုင်း စီးပွားရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မိုးသူဇာနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ဈေးရောင်းပွဲတော်တွင် ရတနာပုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ ဈေးဆိုင်ခန်း ၄၉ ခန်းဖွင့်လှစ်၍ သက်သာသောဈေးနှုန်းဖြင့် ဌာနအလိုက်စာအုပ်စာပေများ၊ စားသောက်ကုန်များဖြစ်သည့် ထမနဲ၊ နန်းကြီးသုပ်၊ ရွှေရင်အေး၊ ကောက်ညှင်းပေါင်းနှင့် ငါးရံ့ခြောက်ဖုတ်၊ ရခိုင်မုန့်တီနှင့် ရှမ်းရိုးရာအစားအစာများအပါအဝင် အခြား မြန်မာ့ရိုးရာနှင့် တိုင်းရင်းသားရိုးရာအစားအစာများ၊ ဌာနအလိုက် လက်တွေစမ်းသပ်ထုပ်လုပ်ထားသော အလှကုန်ပစ္စည်းများ၊ ဆပ်ပြာဆီရေဘူးများအား ခင်းကျင်း၍ စုံလင်စွာ ရောင်းချပေးလျက်ရှိကာ တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများလာရောက်ဝယ်ယူအားပေးကြပြီး စည်ကားသိုက်မြိုက်စွာ ဈေးရောင်းပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲကြသည်။ ထိုစျေးရောင်းပွဲတော်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *