October 20, 2024

၂၂. ၂. ၂၀၂၄
Written by Nyein Kyaw

သန်းခေါင်စာရင်းနှင့် ပတ်သက်ပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် e-ID Dtaabase ရှိ စာရင်းများကိုအခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် လက်ရှိအသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပထမအကြိမ်ပေးပို့ထားပြီး ဆက်လက်၍လည်း သတ်မှတ်ချက်များနှင့်အညီ အတည်ပြုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ၍ ဌာနဆိုင်ရာများ၏ ပူးပေါင်းကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆောင် ရွက်မည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း စီမံချက်များအတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ယခုနှစ်ဒီဇင်ဘာလအတွင်း ရှေ့ပြေးလူဦးရေစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ယခု ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှ ပြုစုထားသည့် လူဦးရေစာရင်းကို နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့်လူဦးရေစာရင်းကို ပြုစုမည်ဖြစ်သည့်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အောင်မြင်ရေးအတွက်လည်း ဆက်စပ်ဌာနများနှင့်ပူးပေါင်းကာ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

နိုင်ငံတော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းတာဝန်အရ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ အဖွဲ့ဝင်များနှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *