October 19, 2024

၂၂.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄ မြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့ တစ်ရက်အတွင်း မီးလောင်မှု ၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၆ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့်သဇင်လမ်းတွင် Light Truck ကားရွေ့ရန်စက်နှိုးရာမှ ဘထ္ထရီပေါ် Spark ရိုက်ပြီး မီးပွားထွက်ရာမှ အနီးရှိ အင်ဂျင်ဝိုင်းအဟောင်းများသို့ ကျရာမှ စလောင်ခဲ့ရာ Light Truck ကားတစ်စီးနှင့် အင်ဂျင်ဝိုင်အဟောင်း ဂါလံ ၅၀ ဆံ့ ပီပါတစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ထို့အတူ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှုဇုန်၊ အမှတ်(၂၃)ရပ်ကွက်၊ မဟာမြိုင်လမ်း၊ ငမိုးရိပ်လမ်းနှင့် သံဒင်းဝါးတရာလမ်းဘေးရှိ မြေကွက်တွင် လမ်းသွားလမ်းလာတစ်ဦးမှ ဆေးလိပ်တိုမီးချခဲ့ရာမှ မီးလောင်ကျွမ်းခဲ့ရာ မြေကွက် ၆ ကွက်ရှိ ကိုင်းတောများမီးလောင်ကျွမ်းခဲ့ရာ ၅ နာရီကြာ ငြှိမ်းသတ်ခဲ့ရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ ဟင်္သာတလမ်းသွယ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓနိမိုးထရံကာ၂ လုံး၊ သွပ်မိုးထရံကာ ၂ လုံး စုစုပေါင်း လူနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ယင်းအပြင် မွန်းလွဲ ၂ နာရီခွဲခန့်က ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ (၁)ရပ်ကွက်တွင် အိမ်တစ်အိမ်၏ မီးဖိုမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ရာ ၁၀ ပေပတ်လည် သွပ်မိုးကျောက်ပြားကာ ဝါးခင်းနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ထို့အပြင် မွန်းလွဲ ၃ နာရီ ၄၈ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်၊ အထက်ပုစွန်တောင်လမ်း၊ အမှတ် ၃၅၃ အနောက်ရှိ အလျား ၁၀ ပေ ၊ အနံ ၁၀ ပေရှိ သွပ်မိုးပျဥ်ကာ ၂ ထပ်နေအိမ်တွင် ခြင်ဆေးကို အောက်ခံခွက်မပါဘဲ ထွန်းရာမှ အနီးရှိပစ္စည်းများကို မီးကူးစက်လောင် ကျွမ်းခဲ့ရာ သွပ်မိုးပျဥ်ကာပျဥ်ထောင် ၂ ထပ် အိမ် ၂ လုံးနှင့် RC ၁ ခန်း ၈ ထပ်တိုက်ဘေးတွင် တပ်ထားသော Air Con Outdoor (၇)လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ယင်းဖြစ်စဥ်များနည်းတူ ည ၇ နာရီ ၅၁ မိနစ်က၊ ကျောက်တန်းမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ရေနံမြေရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၉ မိနစ်အ​ကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်များအပြင် ည ၈ နာရီ ၅၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန်(၂)၊ ဦးချိန်လမ်းတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ၇ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *