၅. ၁၂. ၂၀၂၂
Written by Ye Kyaw
ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ရှိပြီး ပြည်တွင်း ထုတ်လုပ်မှုမှ လုံလောက်အောင်ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ပြည်ပမှ မှာယူတင်သွင်းနေရဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားသည်။
စားသုံးဆီများကို စံချိန်စံညွှန်းနှင့်အညီ တင်သွင်း/ထုတ်လုပ်နိုင်မှသာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်သွေးကောင်းမွန်သည့် စားသုံးဆီများဖြစ်သည်ဟု အာမခံချက်ပေးနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
‘’ပြည်ပကလာတဲ့ SUNAR အမျိုးအစားဆို အရင်လမှာ ငါးလီတာတစ်ဘူးကို ကျပ် ၄၉၅၀၀ လောက်အထိရှိတယ်။ အခုဆို အဲဒါတွေက ငါးထောင်လောက် ကျသွားပြီ။ ပြည်တွင်းမှာထုတ်တဲ့ ပဲဆီကတော့ တစ်ပိဿာကို အစ်မတို့က ကျပ် ၁၃၀၀၀ နဲ့ရောင်းတယ် တချို့ဆိုင်တွေကတော့ ငါးရာနဲ့တစ်ထောင်လောက် ပိုများတယ်။ ပဲဆီနဲ့စားအုန်းဆီအရောပေါ့ သူကတော့ တစ်ပိဿာ ၉၀၀၀နဲ့ ၁၀၀၀၀ လောက်မှာ ရောင်းတယ်’’ ဟု သင်္ဃန်းကျွန်းစျေးတွင် ဆီရောင်းချနေသူတစ်ဦးက ပြောသည်။
ပြည်တွင်း စားသုံးဆီဖူလုံစေရန်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် အရည်သွေးမီ စားသုံးဆီများထုတ်လုပ်ရန် ရည်ရွယ်၍ ပြည်တွင်း စက်သုံးဆီစက်များကို တိုးချဲ့တပ်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ တည်ဆောက်ခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မြန်မာနိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များအား ဆီစက်ချေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၅ ရက်တွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။