October 20, 2024

၂၂. ၂. ၂၀၂၄
Written by Naing Thuta

ရပ်ထားသောသုံးဘီးဆိုင်ကယ်ကို ဝင်တိုက်မိသည့် အမျိုးသားတစ်ဦး ဇက်ကျိုးသေဆုံးမှု ဝိုင်းမော်မြို့တွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီကျော်က  ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဝိုင်းမော်-ဝါရှောင်လမ်းမကြီးရှိ နှစ်ခြင်းဘုရားကျောင်းအနီးတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ တစ်ဦးတည်းဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးသည် ရပ်ထားသည့် သုံးဘီးဆိုင်ကယ်ကို အနောက်က အရှိန်ဖြင့် ဝင်တိုက်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာမှာပင် ဇက်ကျိုး သေဆုံးသွားခဲ့သည့်အတွက် မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ရပ်ထားတဲ့သုံးဘီးကို အနောက်ကနေ ဝင်တိုက်လိုက်လို့ သေဆုံးသွားတဲ့ဖြစ်စဉ်ပါ။ ဘယ်လိုများ ဝင်တိုက်လိုက်သလဲလို့တော့ မပြောတတ်ဘူး။ အရှိန်ကတော့ တော် တော်ပါတဲ့ပုံပဲ။ မျက်နှာကတော့ နည်းနည်းပွန်းပဲ့သွားတဲ့ ဒဏ်ရာပဲတွေ့ရပြီး ဆေးရုံတောင်မရောက်လိုက်ဘူး။ အဲ့ဒီနေရာမှာပဲ ဇက်ကျိုးသေနေတာ။ သေဆုံးတဲ့သူက ကျောင်းဆရာတစ်ယောက်ပါ။ ဆိုင်ကယ်ကလည်း အရှိန်ပါတဲ့အပြင် ဆိုင်ကယ်ဦးထုပ်က မဆောင်ထားတော့ အခုလို အဖြစ်ဆိုးနဲ့ ကြုံတော့တာပဲ။ ဆိုင်ကယ်စီးရင်တော့ ဦးထုပ်ဆောင်းသင့်တယ်။ ဒါမှ ခေါင်းကို တိုက်ရိုက်မထိတော့မှာ။ ခေါင်းကိုတိုက်ရိုက်မထိတော့ အသက်အန္တရာယ်အတွက် သိပ်မစိုးရိမ်ရတော့ဘူးပေါ့”ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ ဝိုင်းမော်မြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သည့် အသက် ၂၈ နှစ်ခန့်အရွယ်ရှိသော ဦးချစ်အောင် ဆိုသူဖြစ်ပြီး ကျောင်းဆရာတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *