October 19, 2024

၂၂. ၂. ၂၀၂၄
Written by Pan Ei

မြန်မာနိုင်ငံက နျူကလီးယားကုန်ပစ္စည်းတွေ မှောင်ခို သယ်ဆောင်ဖို့ ကြံစည်မှုနဲ့ ဂျပန်ရာဇ၀တ်ဂိုဏ်းတစ်ခုရဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန် အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က စွဲချက်တင်ထားတယ်လို့ တရားရေးဌာနက ပြောကြားခဲ့ပါတယ်။

မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့ နျူကလီးယားပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားနေတဲ့ အသက် ၆၀ အရွယ် Takeshi Ebisawa နဲ့ တွဲဖက်တရားခံ အသက် ၆၁ နှစ်အရွယ် Somhop Singhasiri တို့ဟာ ယူရေနီယံနဲ့ လက်နက်အဖြစ် အသုံးပြုဖို့ အဆင့်ရှိတဲ့ ပလူတိုနီယံတွေကို အီရန်နိုင်ငံဆီရောင်းချဖို့ ကြိုးပမ်းမှုနဲ့ စွဲချက်အသစ်များစွာကို ရင်ဆိုင်နေရတာပါ။

သူတို့နှစ်ဦးလုံးဟာ ၂၀၂၂ ခုနှစ် ဧပြီလက နယူးယောက်ခ်မှာ အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေးဝါးတွေဖြန့်ချိမှုနဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေအတွက် အမေရိကန်နိုင်ငံလုပ်လက်နက်တွေ ဝယ်ယူဖို့ ကြိုးပမ်းမှုတွေကြောင့် ဖမ်းဆီးထားခံရတာဖြစ်ကာ အခုအခါမှာတော့ စွဲချက်အသစ်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စွဲချက်တင်ထားတဲ့အတိုင်းပါပဲ။ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ နျူကလီးယားပစ္စည်းတွေကို ရောင်းဝယ် ဖောက်ကားနေတဲ့ တရားခံတွေဟာ ယူရေနီယမ်နဲ့ လက်နက်အဆင့်ရှိတဲ့ ပလူတိုနီယမ်တွေကို အီရန်အစိုးရရဲ့ နျူကလီးယားလက်နက်တွေအတွက် အသုံးပြုမယ်လို့ အပြည့်အဝမျှော်လင့်ထားပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ လူ့အသက်ကို လုံးဝဂရုမစိုက်ဘဲ လည်ပတ်နေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေရဲ့ ယုတ်ညံ့တဲ့ သာဓကတစ်ခုပါပဲ”လို့ အမေရိကန် DEA ရဲ့အုပ်ချုပ်ရေးမှူး Anne Milgram က နျူကလီးယားကုန်ကြမ်းတွေထုတ်ရောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်နဲ့ မှောင်ခိုကုန်ကူးပေးတဲ့ ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် အက်ဘီဆာဝါတို့ရဲ့လုပ်ရပ်ကို ရှုတ်ချပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံက သောင်းကျန်းသူအဖွဲ့တစ်ခုရဲ့ အမည်မဖော်လိုသူ ခေါင်းဆောင်တစ်ဦးက လက်နက်ကြီးတွေဝယ်ယူဖို့အတွက် ငွေကြေးထောက်ပံ့ငွေရရှိဖို့ ယူရေနီယံအပါအဝင် နျူကလီးယားလက်နက်ပြုလုပ်နိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းတွေကို Ebisawa ကတစ်ဆင့် အီရန်ကို ရောင်းချဖို့လုပ်ခဲ့တာဖြစ်ပြီး အမေရိကန်က အီရန်ဗိုလ်ချုပ်အသွင်ယောင်ဆောင်ကာ Ebisawa ကို ထောင်ဖမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

“ခုလိုကြိုးပမ်းမှုတွေသာ အောင်မြင်သွားခဲ့ရင် အကျိုးဆက်တွေကို တွေးကြည့်ရတာ ကျောချမ်းစရာပဲ”လို့ လက်ထောက် ရှေ့နေချုပ် Matthew Olsen က ပြောကြားခဲ့ပါတယ်။

သူတို့ နှစ်ဦးဟာ ၂၀၂၂ ခုနှစ်မှာ အဖမ်းခံခဲ့ရကတည်းက နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ လက်နက်နဲ့ ပတ်သက်တဲ့ အမှုတွေနဲ့လည်း တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

“အက်ဘီဆာဝါက နျူကလီးယားလက်နက်တွေ ရောင်းချဖို့ ကြိုးပမ်းခဲ့သလို မြေပြင်ကနေဝေဟင်ပစ်ဒုံးလက်နက်တွေနဲ့ သေစေနိုင်တဲ့လက်နက်တွေဝယ်ယူဖို့လည်း ညှိနှိုင်းခဲ့တယ်”လို့လည်း အမေရိကန်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒါမီယံဝီလျံက ပြောခဲ့ပါတယ်။

Ref; Reuters, CNN

Leave a Reply

Your email address will not be published. Required fields are marked *