MT News
၂၂. ၂. ၂၀၂၄
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ Xi Yan တရုတ်စားသောက်ဆိုင်ဟာ PDF တွေရဲ့ သတင်းကို ထောက်လှမ်းစုံစမ်းသူတွေ စုဝေးနေတဲ့ သတင်းပေးဆိုင်လို့စွပ်စွဲပြီး PDF နှစ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်လိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီ ၅၀ မိနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ဆိုင်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင်မှတ်တိုင်အနီးက Xi Yan တရုတ်စားသောက်ဆိုင်ကို Dark Shadow နဲ့ မဟာမိတ် GOD PDF နှစ်ဖွဲ့ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဒီလိုမျိုးတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဆိုင်နဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေ၊ ပြည်သူ့စစ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိပေမဲ့ ဗုံးခွဲတဲ့ PDF တွေက ထိခိုက်မှုမရှိ ရှောင်ထွက်လာနိုင်ခဲ့တယ် ပြောပါတယ်။
Xi Yan တရုတ်စားသောက်ဆိုင်ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စုစည်းရာ စားကျက်နေရာဖြစ်ပြီး ရပ်ကွက်အတွင်းက ပျူစောထီး(ပြည်သူ့စစ်) တွေနဲ့ ပူးပေါင်းပြီး PDF သတင်းကို စုဆောင်း ဖလှယ်ရာနေရာတစ်ခုဖြစ်တဲ့အတွက် ပစ်မှတ်ထားခဲ့သလို သတင်းပေး ပူးပေါင်း ဆောင်ရွက်နေလို့ တိုက်ခိုက်တာလို့လည်း PDF နှစ်ဖွဲ့က ဆင်ခြေပေးပါတယ်။
Dark Shadow ဟာ ဒီလထဲမှာ ဆက်တိုက်ဖောက်ခွဲမှုပြုလုပ်နေပြီး ဖေဖော်ဝါရီ ၇ ရက်က မြေနီကုန်းတံတားအောက်က လုံခြုံရေးတပ်ဘန်ကာနဲ့ လှိုင်သာယာရခိုင်ရိုးလေးရွာအုပ်ချုပ်ရေးမှူးရုံး၊ ဖေဖော်ဝါရီ ၈ ရက်က အင်းစိန်ထောင်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဆိုပြီး ဖေဖော်ဝါရီ ၁၃ ရက်က လှိုင်သာယာအနောက်ပိုင်းမြို့နယ်စုပေါင်းရုံးနဲ့ ရဲတပ်ရင်း (၉) တို့ကို ဗုံးခွဲတိုက်ခိုက်ထားပါသေးတယ်။