၂၂. ၂. ၂၀၂၄
Written by Naing Thuta
နေ့ညမပျက် ဖုန်းအလွန်အကျွံသုံးစွဲ၍ ဂိမ်းဆော့ကစားခဲ့သည့် ဆယ်ကျော်သက်လူငယ်တစ်ဦး ရုတ်တရက် ခေါင်းကိုက် နားကိုက်ဝေဒနာဖြစ်ပြီး သေဆုံးမှု ဝမ်းတွင်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်က မန္တလေး တိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာတွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ်ခန့်ရှိသော အမျိုးသားလူငယ်တစ်ဦးသည် ဖုန်းအလွန်အကျွံသုံးစွဲ၍ ဂိမ်းကို နေ့ရောညပါ ဆော့ကစားခဲ့ရာမှ ရုတ်တရက် ခေါင်းကိုက် နားကိုက်သည့် ဝေဒနာများ ဖြစ်ပေါ်လာသောကြောင့် ဝမ်းတွင်းမြို့မှ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးကို ဆေးဝါးကုသမှုခံယူနိုင်ရန် ပို့ဆောင်ပေးခဲ့သော် လည်း ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် မျိုးဆက်သစ် လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦး ပြောပြချက်အရ သိရသည်။
“ဝမ်းတွင်းက လူငယ်တစ်ဦး ရုတ်တရက် ခေါင်းနဲ့ နားကို မခံမရပ်နိုင်အောင် ကိုက်လာလို့ဆိုပြီး ဆေးရုံပို့လိုက်တာ ဆေးရုံအရောက်မှာ သေသွားတယ်လို့ပြောတယ်။ ဘာလို့သေတာလဲလို့ စစ်ဆေးကြည့်တော့ မသေခင်မှာ အဲ့ဒီကလေးက ဂိမ်းကို ဖုန်းနဲ့ နေ့ရောညပါ ဆော့ခဲ့လို့ အာရုံ ကြောပိုင်းဆိုင်ရာ ထိခိုက်ပြီးတော့ သေဆုံးသွားတယ်လို့ပြောတယ်။ အခုခေတ်လူငယ်တွေက အချိန်ပြည့် ဖုန်းတွေအလွန်အကျွံ သုံးစွဲလာတဲ့အတွက် ကျန်းမာရေးတွေ ထိခိုက်လာသည်အထိပါ ဖြစ်လာကြတယ်။ အာရုံကြောတွေ ထိခိုက်လာပြီး မျက်စိ၊ နားနဲ့ ပတ်သက်တဲ့ရောဂါဝေဒနာတွေ ခံစားလာရမယ်။ အခုလို အသက်သေဆုံးတဲ့အထိ ဖြစ်လာကြတော့တာပဲ။ လူသားအရင်းမြစ်တွေ အရမ်းဆုံးရှုံးရတယ်။ ဖုန်းပဲ လုပ်နေတဲ့ ကလေးတွေက ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အလေးမထားတော့ဘူး။ ပတ်ဝန်းကျင်နဲ့ပါ အားနည်းလာတော့တယ်။ မိဘတွေကလည်း ဒါကိုသင်ခန်းစာယူပြီး ကိုယ့်ကလေးတွေကို ဖုန်းသုံးတာတွေ အချိန်ကန့်သတ်သင့်တယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း သုံးတတ်ရင်အကျိုးရှိပြီး အခုလိုမသုံးတတ်တော့ အသက်သေတဲ့အထိ ဖြစ်တော့တာပဲ”ဟု တစ်ရွာတည်းနေသူတစ်ဦးက ဆိုသည်။
အဆိုပါ ဖုန်းအလွန်အကျွံသုံးစွဲ၍ သေဆုံးသွားသည့် လူငယ်အမျိုးသား၏ ရုပ်အလောင်းကို မျိုးဆက်သစ် လူမှုကူညီရေးအသင်းမှ မော်တော်ယာဥ်ဖြင့်ပင် ၎င်းနေထိုင်ရာ သဖန်းကျေးရွာသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။