၂၂. ၂. ၂၀၂၄
Translated by Thettant
မီဇိုရမ်ပြည်နယ် ချန်ဖိုင်းခရိုင် ထန်ဆမ်(Tlangsam) ကျေးရွာမှာ မြန်မာနိုင်ငံသား ချင်းလူမျိုး ၂ ဦးထံက စိတ်ကြွဆေးပြားအလုံး ၅ သိန်းကျော်ကို မီဇိုရမ်ပြည်နယ် ယစ်မျိုးနဲ့မူးယစ်ဆေးဝါးဦးစီးဌာန တာ၀န်ရှိသူတွေက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့မနက်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်က ထန်ဆမ်ရွာ၊ လန်ဒေါ့မန်(Lungdawh hmun)အရပ်မှာ ၅၀ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အိုက်စ် (မက်သ်အဖက်တမင်း) စိတ်ကြွဆေးပြားအလုံး ၅၀၅၀၀၀ ကို အထုပ်ငယ် ၅၀ ထဲ ခွဲထည့်သယ်ဆောင်လာတဲ့ ချင်းလူမျိုးအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို မီဇိုရမ်ပြည်နယ် ယစ်မျိုးနဲ့ မူးယစ်ဆေးဝါးဦးစီးဌာနတာ၀န်ရှိသူတွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
စိတ်ကြွဆေးပြား ငါးသိန်းကျော်သယ်ဆောင်မှုနဲ့ အဖမ်းခံရသူ ၂ ဦးဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့ ခေါရ်မဝီရွာမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် Lallawmzuali နဲ့ အသက် ၃၁ နှစ်အရွယ် Lalramzaua တို့ဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ် ယစ်မျိုးနဲ့မူးယစ်ဆေးဝါးဦးစီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးခံရသူ ချင်းလူမျိုး ၂ ဦးကို ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအက်ဥပဒေနဲ့ အမှုဖွင့်အရေး ယူထားတယ်လို့ သိရပါတယ်။
Ref, Mizoram Excise & Narcotics Dept