October 30, 2024

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသောပုံအား တွေ့ရစဥ်

၅. ၁၂. ၂၀၂၂
Written by Nay Moe

လှည်းကူးမြို့နယ် ဘားလားကျေးရွာအုပ်စုအနီး တပင်ရွှေထီးလမ်းဘေးတွင် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး လူငယ် ၁၃ ဦးအား အလုံပိတ်ကားဖြင့် သယ်ဆောင်လာစဥ် မွန်းကျပ်သေဆုံး၍ စွန့်ပစ်ထားမှု တွေ့ရှိခဲ့ရသည်ဟု ကနဦးသတင်းများအရ သိရသည်။

“အလုံပိတ်ကားနဲ့ သယ်လာတဲ့အချိန် အောက်စီဂျင်ပြတ်ပြီး သေဆုံးကုန်လို့ လာစွန့်ပစ်ထားတယ်လို့ ယူဆရတယ်။ ၁၃ ယောက်စလုံးက အသက် ၁၅၊ ၁၆ လောက် လူငယ်တွေ” ဟု အဆိုပါဖြစ်စဥ်ကို ကြားသိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်မှာ လှည်းကူးမြို့နယ်နှင့် (၈)မိုင်ခန့်ကွာဝေးသည့် ဘားလားအုပ်စု၊ ဘားလားကျေးရွာ၊ တပင်ရွှေထီး လမ်းဘေးတွင် ဘင်္ဂါလီလူမျိုးများ သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဖုန်းဆက်သတင်းပေးချက်အရ ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီခန့် အချိန် ရောက်ရှိစစ်ဆေးခဲ့ရာ အမှတ်(၇) လမ်းမကြီးနှင့် ငွေနံ့သာကျေးရွာအကြား၊ ဘားလားကျေးရွာ၊ တပင်ရွှေထီး ကွန်ကရစ်လမ်းဘေးတွင် ဘင်္ဂါလီလူမျိုး ကျား (၁၃)ဦး(စိစစ်ဆဲ)သေဆုံးနေသည့် အလောင်းများနှင့် ယင်းနေရာအနီးတွင် တပေါ်လင် မိုးကာစ၊ ရေသန့်ဗူးအခွံများ တွေ့ရှိခဲ့သဖြင့် ဘင်္ဂါလီလူမျိုး ကျား (၁၃)ဦး သေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသည့်အကြောင်းရင်းနှင့် လာရောက်စွန့်ပစ်သည့် တရားခံများ ဖမ်းဆီးရမိရေး စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု ကနဦးထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ရုပ်အလောင်းအားလုံးတွင် ပြင်ပဒဏ်ရာမရှိဘဲ အောက်ဆီဂျင်ပြတ်တောက်ကာ မွန်းကျပ်သေဆုံးသည့် Suffocation ပုံစံ သေဆုံးနေခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *