၂၁. ၂. ၂၀၂၄
Written by Min Mahar
ရန်ကုန်-မန္တလေးမီးရထားလမ်းကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့များမှ မိုင်းခွဲဖျတ်ဆီးမှု ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ ပိန်းဇလုပ်ဘူတာနှင့် သူဌေးကုန်းဘူတာကြားရှိ သာယာကုန်းအရှေ့ဘက် ကြိတ်ကွင်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း ကြေးနန်းမိုင်တိုင်အမှတ်ရှိ ၁၀၃/၆တံတားနှင့် ဘာဘူကုန်းကျေးရွာအနီးရှိ မြန်မာ့မီးရထားလမ်း တံတားအမှတ်(၁၄၅)တို့အား ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့)ည ၉ နာရီ ၂၀ မိနစ်ခန့်က ဒေသတွင်းလက်နက်ကိုင်အဖွဲဲ့များမှ မိုင်းထောင်၍ ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တပ်နယ်တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ မြန်မာ့မီးရထားမှ လက်ရှိပြေးဆွဲ မောင်းနှင်အသုံးပြုလျက်ရှိသော အနောက်ဘက်ခြမ်းရှိ မီးရထားသံလမ်းမှာ ၇၀ ပေနှင့် ၁၀၀ ပေကြား ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုဖောက်ခွဲဖျတ်ဆီးမှုကြောင့် လူနှင့် ကျွဲ/နွားတိရိစ္ဆာန်များ ထိခိုက်မှုမရှိကာ ပျက်ဆီးသွားသော မီးရထားသံလမ်းအားပြုပြင်ခြင်း၊ တံတားအားစစ်ဆေးကြည့်ရှူ၍ လိုအပ်သည်များကို ပြုပြင်ခြင်းများအား ယနေ့(ဖေဖော်ဝါရီလ ၂၁ ရက်နေ့)တွင် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။