၂၁. ၂. ၂၀၂၄
Written by Naing Thuta
အမရပူရမြို့နယ်ရှိ မြန်မာ့မီးရထားနှင့် လူစီးတွဲစက်ရုံ (မြစ်ငယ်) ၀န်းအတွင်း နှစ် ၄၀ တွဲအဟောင်းများထားရှိရာနေရာ မီးလောင်မှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မအုပ်စု၊ မြန်မာ့မီးရထားနှင့် လူစီးတွဲစက်ရုံ(မြစ်ငယ်)၀န်းအတွင်း နှစ် ၄၀ တွဲအဟောင်းများထားရှိရာနေရာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက် ထံမှ သိရသည်။
“မီးက မြစ်ငယ် မီးရထားဝန်းထဲမှာလောင်တာပါ။ မီးရထားတွဲပျက်တွေထားတဲ့နေရာမှာ လောင်တယ်လို့ပြောတယ်။ လောင်လည်းလောင်ချင်စရာလေ။ အဲ့ဒီနေရာက ခြုံတွေထူနေတာ။ နွေရာသီရောက်လာပြီဖြစ်တော့ အဲ့ဒီခြုံတွေက ခြောက်စပြုလာတော့ မီးလောင်တော့ ပိုကြီးသွားတာပဲ။ မီးတောက်က ကြီးတယ်” ဟု ဖြစ်စဉ်ဖြစ်ပွားသည့် မီးရထားဝန်းအနီး နေထိုင်သူ ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ မီးလောင်ရာသို့ အမရပူရမြို့နယ်မီးသတ်စခန်း၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၇ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးခန့်နှင့် မီးရထားစက်ရုံ မီးသတ်အဖွဲ့များမှ ပူးပေါင်း၍ ငြိမ်းသတ်ခဲ့ကြသည့်အတွက် ၃ နာရီ ၁၅ မိနစ်ချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၂၀ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် လူထိခိုက်မှုမရှိဘဲ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းအရင်းမှာ မီးရထားဝန်ထမ်းများ မီးရထားစက်ရုံ လေလံတင်ပစ္စည်းတွဲပျက်ရုံအနီးတွင် ခြုံများ၊ အမှိုက်များကို မီးရှို့ရှင်းလင်းရာကကျန်ရှိသော မီးကြွင်းမှတစ်ဆင့် စာရင်းပယ်ဖျက်ပြီး မီးရထားတွဲတစ်တွဲအား မီးလောင်ဆုံးရှုံးခဲ့၍ မီးလောင်မှုအား သက်ဆိုင်ရာဌာနအတွင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်မှုမရှိကြောင်း သိရသည်။