၂၁. ၂. ၂၀၂၄
Written by Naing Thuta
စစ်ကိုင်းမြို့ရှိ မြင့်မိုရ်ဟိုတယ်တွင် သတ်မှတ်ထားသည့်နေရာပြင်ပ ကျောက်စိမ်းပုတီးများကို တရားမဝင်ရောင်းဝယ်နေသည့် တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် လူ ၈ ဦး ယမန်နေ့မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊ ချင်းစုရပ်ရှိ အမျိုးသမီးတစ်ဦးပိုင်ဆိုင်သည့် မြင့်မိုရ်ဟိုတယ်တွင် ယမန်နေ့(ဖေဖော်ဝါရီ ၂၀ ရက်) မနက် ၉ နာရီခန့်က ကျောက်စိမ်းပုတီးများ တရားမဝင် အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းရ၍ ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ မြင့်မိုရ်ဟိုတယ်ဝင်းအတွင်းရှိ ၁ ထပ်ခွဲအဆောက်အဦအတွင်း၌ ကျောက်စိမ်းအချောထည် လာရောက်ဝယ်ယူသူ တရုတ်နိုင်ငံသားများဖြစ်ကြသည့် အသက် ၅၂ နှစ်အရွယ် LIU SHAYOUN, PP No EE 9782037 , Visa No A336347, နေထိုင်ခွင့်သက်တမ်း (၁၅.၂.၂၀၂၄ မှ ၁၄.၂.၂၀၂၅ ထိ)နှင့် အသက် ၄၈ နှစ်အရွယ် CHEN DAHAI, PP No EJ 6616016, Visa No A296218,နေထိုင်ခွင့်သက်တမ်း(၁၇.၂.၂၀၂၄ မှ ၆.၈.၂၀၂၄ ထိ)တို့နှင့်အတူ ကျောက်စိမ်း အချောထည်လာရောက် ရောင်းချသည့် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၃ နှစ်ခန့်အရွယ် အောင်ချစ်သန်း ထံမှ ကျောက်စိမ်းပုတီး လည်ဆွဲ/လက်ကောက်မျိုးစုံ ထည့်သွင်းယူဆောင်လာသည့် အထုပ် ၁၈ ထုပ်၊ နေရပ်တူ အသက် ၃၀ နှစ်အရွယ် မျိုးကို ထံမှ ကျောက်စိမ်းပုတီး လည်ဆွဲ/လက်ကောက်မျိုးစုံ ထည့်သွင်းယူဆောင်လာသည့် အထုပ် ၂ ထုပ်တို့အားလည်းကောင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၉)နေသူ မြင့်မိုရ်ဟိုတယ်တာဝန်ခံ အသက် ၄၀ နှစ်ခန့်ရှိသော ညီညီလွင် ထံမှ ဝယ်ယူစုဆောင်းထားသည့် ကျောက်စိမ်းပုတီးများ ထည့်ထားသော ပီနံအိတ် ၄၃ အိတ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့နှင့်အတူ ကျောက်စိမ်းပုတီးရောင်းဝယ်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြသည့် ဟိုတယ်ဝန်ထမ်းများဖြစ်ကြသော စိုးရွှေမောင်(၂၀ နှစ်)၊ အောင်ကျော်သက်(၂၁ )နှစ်၊ မင်းသော်ခန့်(၁၉) နှစ်တို့ ၃ ဦးကိုပါ ဖမ်းဆီးသွားကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းပုတီးများကို တရားမဝင်ရောင်းဝယ်နေသည့် တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် ၈ ဦးတို့ကို စစ်ကိုင်းမြို့မရဲစခန်းတွင် ယမန်နေ့ညက ချုပ်နှောင်ထားပြီး ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်နေ့)မနက်က ၎င်းတို့ကို စစ်ကိုင်းမြို့နယ်(ထွေ/အုပ်)မှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်စွဲပါ အမိန့်အမှတ် (၈/၂၃) နှင့် ထုတ်ပြန်ထားရှိသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ပြီး ခွင့်ပြုချက်မရှိသည့်နေရာ ကျောက်မျက်ရတနာ တရားမဝင်ရောင်းဝယ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စစ်ကိုင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမောင်စိုးမှ တရားလိုပြု၍ စစ်ကိုင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုထားကြောင်းလည်း သိရသည်။