၂၁. ၂. ၂၀၂၄
Written by Nay Aung
စင်ကာပူနိုင်ငံမှာနေထိုင်နေတဲ့ အိန္ဒိယလူမျိုး ကလေးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ စစ်တုရင်ပြိုင်ပွဲမှာ အသက် ၃၇ နှစ်အရွယ်ရှိ ဂရန်းမာစတာ စစ်တုရင်သမားကို အနိုင်ယူပြီး စစ်တုရင်ပြိုင်ပွဲမှာ ဂရန်းမာစတာကို အနိုင်ရတဲ့ အသက်အငယ်ဆုံးစစ်တုရင်သမားအဖြစ် သမိုင်းစံချိန်အသစ် စိုက်ထူနိုင်ခဲ့ကြောင်းသိရပါတယ်။
အိန္ဒိယလူငယ်တစ်ဦးဖြစ်တဲ့ အက်ရှာဝက် ကူရှစ်ဟာလက်ရှိအချိန်မှာ အသက် ၈ နှစ်၊ ၆ လ၊ ၁၁ ရက်အရွယ်ပဲ ရှိသေးပြီး စစ်တုရင်ပြိုင်ပွဲမှာ ဂရန်းမာစတာကို အနိုင်ရတဲ့ အသက်အငယ်ဆုံး စစ်တုရင်ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ဘာ့ဂ်ဒေါ်ဖာစတက်သက်အိုးပန်းပြိုင်ပွဲရဲ့ စတုတ္ထအဆင့်မှာ ကလေးငယ် ကူရှစ်က ပိုလန်နိုင်ငံသား စစ်တုရင် ဂရန်းမာစတာ စတိုပါကို အနိုင်ရခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ စစ်တုရင်ပြိုင်ပွဲမှာ အသက် ၉ နှစ်နီးပါးရှိတဲ့ ဆားဘီးယားလူမျိုး အီဗန်နိုဗစ် အမည်ရှိအသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ဂရန်းမာစတာတစ်ဦးကို အနိုင်ရခဲ့ဖူးကြောင်း သိရပေမယ့် လက်ရှိအချိန်မှာတော့ အိန္ဒိယလူမျိုး ကလေးငယ်တစ်ဦးဖြစ်တဲ့ကူရှစ်က အဲဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ကူရှစ်ဟာ ကမ္ဘာတစ်ဝန်းက လူငယ်စစ်တုရင်ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး ၂၀၂၂ ခုနှစ် အသက် ၈ နှစ်အောက် ကမ္ဘာ့အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။
“စစ်တုရင်ပြိုင်ပွဲမှာ ဂရန်းမာစတာကို အနိုင်ရယူနိုင်တဲ့အတွက် စိတ်လှုပ်ရှား၊ အံအားသင့်မိပါတယ်။ ကျွန်တော်အနိုင်ရတဲ့ စစ်တုရင်ပြိုင်ပွဲအတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော် ပွဲအစပိုင်းမှာ ရမှတ်လျော့နည်းခဲ့ပေမယ့် နောက်ပိုင်းမှာအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်”လို့ ကူရှစ်က ပြောပါတယ်။
Ref mirror