၂၁.၂. ၂၀၂၄
Written by Hey Mar
ဆိုင်ကယ်နှင့်တွဲကား မတော်တဆတိုက်မိရာက ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား ဦးခေါင်းပွင့်သေဆုံးခဲ့တဲ့ဖြစ်စဥ် နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ရေဆင်းသရဖူစက်သုံးဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာစဥ် တွဲကားရဲ့ အနောက်ကို ဝင်တိုက်တာလို့ သိရှိရပါတယ်။ တိုက်မိတဲ့ အရှိန်ပြင်းထန်တာကြောင့် ဦးခေါင်း ပွင့်ထွက်ကာ နေရာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။
မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှတာဝန်ရှိသူက “သေသူက အသက် ၃၅ နှစ်အရွယ် ကိုခင်စိုးလို့ သိရတယ်။ နေပြည်တော်ထဲကပဲ။ မိသားစုနဲ့လည်း အဆက်အသွယ်ရပါပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေစစ်ဆေးနိုင်ဖို့ ရင်ခွဲရုံကိုပို့ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။
ကွယ်လွန်သူကို ကရုဏာရှင်လူမှူကူညီရေးပရဟိတအသင်းက နေပြည်တော် အမှတ် (၂/၁၀၀၀)ဆေးရုံကြီး၊ ငြိမ်းအေးဇရပ်သို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။