၂၁. ၂. ၂၀၂၄
Written by Nyein Kyaw
မန္တလေးမြို့ပေါ်တွင် ကလေးကျောင်းပို့ပြီး ပြန်လာသော အမျိုးသားတစ်ဦးကို နေ့ခင်းကြောင်တောင် ဓားဖြင့်ထိုးသတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသူ ၄ ဦးအား ၃၈ နာရီအတွင်း ဖမ်းမိခဲ့ပြီး ၎င်းတရားခံများသည် မန္တလေးမြို့ရှိ လူရှင်းသည့်နေရာများတွင် အုပ်စုဖွဲ့ ဓားထောက်၍ ဆိုင်ကယ်လုယက်မှု အကြိမ်ကြိမ်ကျူးလွန်ထားသူများဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၃ လမ်း၊ ၂၇ နှင့် ၂၉ (A) လမ်းကြားတွင် လူ ၁ ဦး ဓားဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းအရ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်သည့်နေရာတွင် အမည်မသိ အမျိုးသား ၁ ဦးသည် ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ချက်များအရ သေဆုံးသူသည် ယင်းနေ့တွင် ကလေးကျောင်းပို့ပြီးအပြန် ၅၃ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ မြောက်သို့ Scoopyi အနက်ရောင်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၇ လမ်းနှင့် ၂၉ လမ်းကြားသို့ အရောက်၌ တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသည့် လူ ၄ ဦးပါ ဆိုင်ကယ်နှစ်စီးမှ အရှေ့ပိတ်ရပ်ပြီးနောက် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူများမှ အသင့်ယူဆောင်လာသော ဓားများဖြင့် ထိုး၍ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ပြစ်မှုကျူးလွန်တရားခံများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများမှ အဖွဲ့များခွဲ၍ စိစစ်ဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် ချမ်းမြေ့အောင်(ခ) ဒေါက်ဒေါက် ၂၂ နှစ်၊ (ဘ)ဦးလင်းအောင်၊ တိုးဝေ(ခ) တိုးတက်(ခ) အားထစ်၊ ၁၇ နှစ် (ဘ)ဦးစံသိန်း၊ ရဲဝင်းအောင် ၁၇ နှစ် (ဘ) ဦးဇော်ဝင်း၊ ကျော်ကြီး(ခ) ကျော်ကျော်မြင့် ၁၈ နှစ် (ဘ) ဦးမြငွေတို့ ၄ ဦးနှင့် သက်သေခံဆိုင်ကယ်အား ဝယ်ယူခဲ့သူများအး သက်သေခံပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားပြီး ၃၅ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တရားခံများအား ကနဦးစစ်ဆေးချက်များအရ ၎င်းတို့သည် မန္တလေးမြို့ပေါ်ရှိ လူအသွားအလာနည်းပါးသည့်နေရာများတွင် အုပ်စုဖွဲ့၍ တန်ဖိုးကြီးမော်တော်ဆိုင်ကယ်များအား ဓားထောက် လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်သေခံပစ္စည်းများ ဆက်လက် သိမ်းဆည်းရမိရေးနှင့် ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။