၂၁. ၂. ၂၀၂၄
Written by Hey Mar
ငွေကြေးအနည်းငယ် အကြွေးတင်တာကို ပြန်ဆပ်ဖို့ခက်ခဲနေတဲ့ မိန်းမငယ်တစ်ဦး သူ့ကိုယ်သူ ဆွဲကြိုးချအဆုံးစီရင်ခဲ့တဲ့ဖြစ်စဥ် ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က အုတ်တွင်းမြို့နယ်၊ ကွမ်းသီးခြံကျေးရွာနေ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ မကေသီခိုင်က နေအိမ်ထုတ်တန်းမှာ ကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ ရင်ခုန်သံရှင်သန်ရေး လူမှုကူညီရေးအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါ တာဝန်ရှိသူက”သက်ဆိုင်ရာတာဝန်ရှိသူတွေ ကျွန်တော်တို့အသင်းကို ရုပ်အလောင်းသယ်ဖို့ ဖုန်းဆက်အကြောင်းကြားလာတာက ၂ နာရီခွဲဝန်းကျင်ဆိုတော့ ၂ နာရီလောက်က ဖြစ်သွားတာနေမယ်။ သေဆုံးသူရဲ့ မိသားစုထဲမှာလည်း ဒီရက်ပိုင်း ပြဿနာဖြစ်တာတွေ မရှိပေမယ့် သေသူမှာ ငွေ တစ်သိန်းလောက် အကြွေးတင်နေတယ်တဲ့။ ဆပ်ဖို့ လှည့်ပတ်တာလည်း အဆင်မပြေဘူးဆိုတာတော့ ပြောပြလို့ ကြားရတယ်။ သေသူရဲ့ ပုဂ္ဂိုလ်ရေးကိစ္စမို့ အကြမ်းဖျင်းလောက်ပဲ သိပါတယ်။ တကယ်တော့ ထွက်ပေါက်ရှာ မှားတယ်လို့လည်း အပစ်မပြောရက်ပါဘူး။ အချိန်ကာလကိုက အားလုံးကျပ်တည်းနေကြတာဆိုတော့။ နောက်တစ်ခုက ဒီအကြွေး(၁)သိန်းလောက်က သူ့အတွက် ဘယ်လိုဖိအားတွေများခဲ့လဲ မသိနိုင်ဘူးလေ” လို့ မှတ်ချက်ပြုပါတယ်။
ဒီဖြစ်စဥ်အတွက် ရင်ခုန်သံရှင်သန်ရေး နာရေးကူညီမှုအသင်းက ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပြီး အုတ်တွင်းဆေးရုံ ရင်ခွဲရုံဆီကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။