October 19, 2024

၂၁.၂.၂၀၂၄
Written by Nyein Kyaw

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ မက်ခရိုအနီး နောက်ဖေးမြေပိုမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦ မီးစတင်လောင်ရာက‌နေ ရှေ့လမ်းမကြီးရှိ တိုက်ခန်းတွေကို မီးကူးစက်ခဲ့တဲ့ ဖြစ်စဉ် ဒီနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ဒီနေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန် တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နီးစပ်ရာမြို့နယ်တွေက မီးသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေ၊ ပရဟိတအသင်းအဖွဲ့ ကယ်ဆယ်ရေးယာဉ်တွေ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၄ နာရီကျော်မှာ မီးငြိမ်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ စစ်ဆေးမှုတွေ ရေသယ်ယာဉ်တွေက မီးညွန့်နဲ့ မီးစ ထပ်မကျန်စေဖို့ ရေသယ်ယဉ်တွေကနေ ပိုက်သွယ်တန်းပြီး ရေ‌တွေ ဆက်လက်ဖြန်းနေတာဖြစ်ပါတယ်။

MT News ရဲ့ မြေပြင်သွားရောက် စုံစမ်းမှုအရ မီးသတ်ယာဉ် အကြီး၊ အသေး အားလုံးပေါင်း ၁၀ စီးခန့် လာရောက်ငြိမ်းသတ်ခဲ့ရပြီး ရေသယ်ယာဉ် ၂ စီးက အသင့်စောင့်နေခဲ့တာကိုတွေ့ရသလို မီးလောင်မှုက နောက်ဖေးမှာ ဖြစ်တာမို့ အရှေ့ မျက်နှာစာရှိ အိမ်တွေထဲကနေ ရေပိုက်တွေသွယ်တန်းကာ မီးငြှိမ်းသတ်ခဲ့ရတာပါ။

“ဘယ်လိုလောင်တယ်ဆိုတာ သေချာမသိဘူး။ လူတွေကထင်တာ ဒီအရှေ့က အိမ်လောင်တယ်ပဲထင်တာ။ ဝါယာရှော့ခ်လို့လည်း ပြောမရဘူး။ အဲဒီအိမ်တွေက လျှပ်စစ်မီးမရှိဘူး။ ဘယ်လိုစလောင်တယ်ဆိုတာ မသိဘူး။ အခု တိုင်းကနေပြောသွားတာကတော့ ဒီနေရာတွေကို မြေတိုင်းစာရေးနဲ့ တိုင်းမယ်။ ဟိုဘက်မှာက မီးရထားလမ်းနဲ့ မီးရထားဝန်းလည်းရှိတာကိုး။ မြေပိုတွေမှာ နားလည်မှုနဲ့ ဆောက်ထားတဲ့အိမ်တွေ။ ဒါတွေကလေ။ တိုင်းကလာစစ်မယ်လို့တော့ ပြောသွားတယ်” လို့ မီးလောင်ခဲ့တဲ့အိမ်အရှေ့က လမ်းမကြီးရှိ တိုက်ခန်းနေသူ တစ်ဦးက MT News ကို ပြောပါတယ်။

မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို Level 1 အဆင့် ယာဉ်အုပ်စုတွေ သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ဘယ်လောက် ဆုံးရှုံးခဲ့တယ်ဆိုတာကိုတော့ စိစစ်ဆဲလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *