October 30, 2024

လောက်ကိုင်မြို့တွင် လိင်ကျွန်အဖြစ် ခိုင်းစေခံရသော ထိုင်းအမျိုးသမီးသုံးဦးနှင့် တာဝန်ရှိသူများကို တွေ့ရစဥ်

၅. ၁၂. ၂၀၂၂
Written by Nay Aung

ထိုင်းရဲတပ်ဖွဲ့နှင့် ပါဗီနာ Pavena ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံရှိ လောက်ကိုင်မြို့တွင် လိင်လုပ်ငန်းများ လုပ်ကိုင်ရန် အတင်းအဓမ္မစေခိုင်းခံနေရသည့် ထိုင်းအမျိုးသမီး သုံးဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှုများကို ကျူးလွန်နေသည့် ဂိုဏ်းများသည် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်တွင် ၀င်ငွေကောင်းစေမည့် အလုပ်ကိုင်အခွင့်လမ်းကောင်းများရမည်ဟု မက်လုံးပေးကာ ထိုင်းအမျိုးသမီးများကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ အဆိုပါ ထိုင်းအမျိုးသမီးသုံးဦးသည် လူကုန်ကူးဂိုဏ်းများ၏ မက်လုံးပေးမှုများကို ယုံစားကာ ထိုင်း-မြန်မာနယ်စပ်ဒေသသို့ ဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ တရုတ်နိုင်ငံတောင်ပိုင်းနှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံ လောက်ကိုင်မြို့သို့ ပို့ဆောင်ခံခဲ့ရကြောင်း လိင်ပိုင်းဆိုင်ရာလုပ်ငန်းများတွင် ပါ၀င်လုပ်ကိုင်ရန်စေခိုင်းခံရသည့် ထိုင်းအမျိုးသမီးများကဆိုသည်။

အဆိုပါ ထိုင်းအမျိုးသမီးများသည် လောင်ကိုင်မြို့သို့ ရောက်ရှိချိန်တွင် လိင်လုပ်ငန်းများတွင် ပါ၀င်လုပ်ကိုင်ရန် အဓမ္မစေခိုင်းခံရပြီး လိင်လုပ်ငန်းများကိုလုပ်ကိုင်ရန် ငြင်းဆန်ခုခံမည်ဆိုလျှင် ညှင်းပန်းနှိပ်စက်ခံရမည်ဟု ခြိမ်းခြောက်ခံရသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲရန် အတင်းကြပ်ခိုင်းစေခံရသည်ဟု ထိုင်းသတင်းများကဖော်ပြထားသည်။

အဆိုပါထိုင်းအမျိုးသမီးများသည် လိင်လုပ်ငန်းတွင် အဓမ္မစေခိုင်းခံရပြီးနောက် ပြန်လည်လွတ်မြောက်ရန် ထိုင်းနိုင်ငံရှိ ပါဗီနာ Pavena ဖောင်ဒေးရှင်းထံ လျှို့ဝှက်ဆက်သွယ်ခဲ့ရကြောင်း၊ အဆိုပါဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ လိင်လုပ်ငန်းများတွင် အဓမ္မခိုင်းစေခံနေရသည့် ထိုင်းအမျိုးသမီးများကို ကယ်တင်ရန် ထိုင်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် အမျိုးသမီးများကို ကယ်တင်နိုင်ရန် မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မြန်မာအာဏာပိုင်များက လိင်လုပ်ငန်းတွင် စေခိုင်းခံနေရသည့် ထိုင်းအမျိုးသမီးသုံးဦးကို ကယ်တင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပါဗီနာ Pavena ဖောင်ဒေးရှင်းဥက္ကဌ Mrs. Paweena Hongsakul သည် မြန်မာနိုင်ငံ လောက်ကိုင်ဒေသရှိ လိင်လုပ်ငန်းများတွင် အဓမ္မစေခိုင်းခံနေရသည့် အသက် ၂၇ နှစ်အရွယ်၊ အသက် ၂၈နှစ်အရွယ်နှင့် အသက် ၂၉နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးသုံးဦးကို ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် လူကုန်ကူးခံရမှုများ တွေ့ကြုံနေရသည့် အသက် ၁၇ နှစ်အရွယ်နှင့် အသက် ၂၆ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးနှစ်ဦးကိုလည်း ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူရန် စီစဉ်လျက်ရှိနေကြောင်း အဆိုပါထိုင်းအမျိုးသမီးနှစ်ဦးသည် လာရှိုးမြို့တွင်ရှိနေပြီး တိုက်ပွဲများဖြစ်ပွားကာ လာရှိုးလေဆိပ် ယာယီပိတ်ထားရသည့်အတွက် အဆိုပါထိုင်းအမျိုးသမီး နှစ်ဦးကို ပြန်လည်ခေါ်ယူရန် စောင့်ဆိုင်းနေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိထိုင်းသံရုံး၊ ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းစစ်တပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်း၊ ပါဗီနာ Pavena ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားသည်။

Ref; pattayamail.thailand.postsen prachatai

Leave a Reply

Your email address will not be published. Required fields are marked *