
၂၁.၂.၂၀၂၄
Written By Thandar
အသက် ၇၈ နှစ်အရွယ် ကန်တော့ခံ သက်ကြီးလူရွှင်တော်ကြီး ဦးဥဩ( ဟင်္သာတ) ရဲ့ နောက်ဆုံးခရီးကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်က ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
“ကျွန်တော်တို့ လေးစားတန်ဖိုးထားရတဲ့ နိုင်ငံတော်လူမှုထူးချွန်ဆုရ ပညာရှင်တစ်ယောက် ဆုံးရှုံးရလို့ အင်မတန်ကို ဝမ်းနည်းရပါတယ်။ ဒီနှစ်ဦးပိုင်းမှာ တကယ်ကို အနုပညာအသိုင်းအဝိုင်းက ပညာရှင်တွေ ဆုံးရှုံးရတဲ့အတွက် ရင်ထဲလည်း မကောင်းပါဘူး။ ကျွန်တော်တို့ လောကအတွက် အင်အားတစ်ခုလျော့သလို ခံစားရပါတယ် ”လို့ ဟာသပညာရှင်တစ်ဦးက ပြောပါတယ်။

သူ့ကိုတော့ ယနေ့ ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်ပြီး ကျန်ရစ်တဲ့ အရိုးပြာကို ဂူသွင်းခဲ့တာဖြစ်ပါတယ်။ လူရွှင်တော်ကြီး ဟင်္သာတ ဦးဥဩဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညက ကွယ်လွန်သွားတာဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး( ဗဟို )သက်ကြီးကန်တော့ခံ နာယကကြီး နိုင်ငံတော်အဆင့် လူမှုထူးချွန် တတိယအဆင့်ရှိသူလည်း ဖြစ်ပါတယ်။
အဆိုပါ စျာပနကိုတော့ လူရွှင်တော်တွေဖြစ်တဲ့ ဒိန်းဒေါင်၊ အကယ်ဒမီ လူရွှင်တော် အုန်းသီး၊ လူရွှင်တော် ငြိမ်းချမ်း၊ အကယ်ဒမီအောင်ခိုင်၊ လူရွှင်တော် ဦးပေါလေး စတဲ့ ဟာသပညာရှင်တွေနဲ့ ဟာလူရွှင်တော် အလွှာအသီးသီးက လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။







