October 20, 2024

၂၁. ၂. ၂၀၂၄
Written by Nay Aung

မြန်မာနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားသော BRICS အဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေပြီး အဖွဲ့နှင့်ပတ်သက်သောအရာများကို လေ့လာနေကြောင်း မြန်မာအစိုးရဝန်ကြီးဒေါက်တာကံဇော်က ပြောကြားကြောင်း ရုရှားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး ဒေါက်တာကံဇော်က “မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ် မေလနောက်ပိုင်းမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာ ဆွေးနွေးမှုမိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရတယ်။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ BRICS အဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ဖို့နဲ့ ဖွံ့ဖြိုးမှုအခြေအနေတွေကို လေ့လာနေတယ်။ ကျွန်တော်တို့ဟာ BRICS အဖွဲ့မှာ ပါဝင်ဖို့ စိတ်ဝင်စားနေသလို BRICS အဖွဲ့က အသုံးပြုမယ့် ငွေကြေးအစီအစဉ်တွေကို စိတ်ဝင်စားနေပါတယ် “ဟု ပြောသည်။

ရုရှားသမ္မတပူတင်သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇွန်လတွင် BRICS အဖွဲ့၌ ပူးပေါင်းပါဝင်နေသော အဓိကစီးပွားရေးအင်အားကြီး နိုင်ငံ ၅ နိုင်ငံအကြား BRICS အဖွဲ့ကိုယ်ပိုင်ငွေကြေးကိုအခြေခံမည့် အရန်ငွေစနစ်ကို တည်ထောင်သင့်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ရုရှား ကုန်သွယ်ရေးနှင့်စက်မှု လုပ်ငန်းအဖွဲ့အကြီးအကဲဖြစ်သူက ကမ္ဘာ့နိုင်ငံပေါင်း ၅၀ သည် BRICS အဖွဲ့သို့ ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားနေပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ရန် တရားဝင်လျှောက်ထားခဲ့ကြောင်း ပြီးခဲ့သော ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြောဆိုခဲ့ဖူးသည်။ BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးတို့ဖြင့် စတင်ခဲ့ကာ လက်ရှိအချိန်တွင် အဖွဲ့ဝင်နိုင်ငံပေါင်းအနည်းဆုံး ၇ နိုင်ငံရှိနေပြီး တောင်အာဖရိက၊ တရုတ်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ အီရန်၊ အီဂျစ်၊ အီသိုယိုပီးယား၊ ယူအေအီးနိုင်ငံတို့ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

Ref russia

Leave a Reply

Your email address will not be published. Required fields are marked *