October 20, 2024

၂၁.၂.၂၀၂၄
Translated by Htwe Ko Tun

ဩစတြေးလျနိုင်ငံသား တရုတ်လူမျိုးဖြစ်တဲ့ တရုတ်အစိုးရဆန့်ကျင်သူ ယန်ဟင်ဂျွန် (Yang Hengjun) အပေါ် သူလျှိုလုပ်ငန်းတွေဆောင်ရွက်မှုနဲ့ အပြစ်ရှိတယ်လို့တွေ့ရှိရတယ်ဆိုပြီး ပေကျင်းမြို့တရားရုံးတစ်ရုံးက ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့မှုအပေါ်  ယန်ဟင်ဂျွန်ရဲ့မိသားစုက လူသားချင်းစာနာထောက်ထားမျှတမှုမရှိတဲ့ တရားရေးစနစ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ ရှုတ်ချပြောဆိုခဲ့ပြီး မိသားစုအနေနဲ့ပြစ်ဒဏ်ကို အယူခံဝင်နေမှာမဟုတ်ဘူးလို့လည်း တစ်ဆက်တည်းပြောကြားခဲ့ပါတယ်။

ယန်ဟင်ဂျွန်ကို ဖေဖော်ဝါရီလဆန်းပိုင်းမှာပဲ နားလည်ဖို့ခက်ခဲတဲ့ သူလျှိုလုပ်ငန်းတွေဆောင်ရွက်မှု စွဲချက်တွေအရ အပြစ်ရှိတယ်ဆိုပြီး ဆိုင်းငံ့သေဒဏ်ပြစ်ဒဏ်ကို ချခဲ့တာပါ။ ဒါပေမယ့် ယန်ကတော့ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

ပြစ်ဒဏ်ကို နှစ်နှစ်ကြာဆိုင်းငံ့မှုပြုထားပြီး တကယ်လို့ တာဝန်ရှိသူတွေအနေနဲ့ ယန်ရဲ့အပြုအမူတွေအပေါ် နှစ်သက်ကျေနပ်မယ်ဆိုရင်တော့ သူ့အနေနဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို လျှော့ချပေးခြင်းခံရဖို့ အခွင့်အလမ်းရှိပါတယ်။

ကလေးနှစ်ဦးရဲ့ဖခင်လည်းဖြစ်တဲ့ ယန်က ကျောက်ကပ်မှာအရည်အိတ်တည်နေခဲ့ပြီး သူ့ရဲ့ကျန်းမာရေးဟာလည်းတော်တော်ကြီးဆိုးရွားနေပါတယ်။ ယန်က သူ့မိသားစုကို သူ့အနေနဲ့ စွဲချက်တွေကို ရင်ဆိုင်ခုခံဖို့ ခွန်အားလည်းမရှိတော့ပါဘူးလို့ ပြောခဲ့ပါတယ်။

ယန်ကို တရုတ်အစိုးရက သူလျှိုလုပ်ငန်းတွေဆောင်ရွက်မှုနဲ့ တရားစွဲထားစဉ် ထောင်အတွင်း ငါးနှစ်ကြာဖမ်းဆီးထားခဲ့တာပါ။ သူ့ရဲ့မိသားစုက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ ငါးနှစ်ကြာလူသားချင်းစာနာတဲ့ ကုသမှုကိုမရရှိခဲ့ဘဲ လျစ်လျူ ရှုခံထားရလို့ ယန်ရဲ့ ကျန်းမာရေးဟာ ဆိုးရွားနေခဲ့ရပြီးတဲ့နောက် အယူခံဝင်နေဦးမယ်ဆိုရင် ပြည့်စုံ‌ပြီးကြီးကြပ်ဂရုစိုက်မှုရှိတဲ့ ဆေးကုသမှုရစေဖို့ဖြစ်နိုင်ခြေကို နှောင့်နှေးရာသာကျစေမယ်လို့ ဆိုခဲ့ကြပါတယ်။ ယန်ရဲ့ ဆိုးရွားနေတဲ့ကျန်းမာရေးက ဒီတရားရေးစနစ်မှာ နောက်ထပ်အဆင့်တွေကို ရင်ဆိုင်ခံနိုင်ရည်စွမ်းမရှိတော့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် မိသားစုအနေနဲ့ ယန်ရဲ့ ကျောက်ကပ်ဆိုးရွားပျက်စီးနေမှုကို အမြန်ဆုံးကုသမှုပေးနိုင်ဖို့အတွက်သာ အလေးထားပြီး အယူခံဝင်နေမှာမဟုတ်ဘူးလို့ ပြောခဲ့ကြတာပါ။

ယန်ဟင်ဂျွန်အပေါ်ပြစ်ဒဏ်က နှစ်ပေါင်းများစွာ အငြင်းပွားမှုတွေနဲ့ ကုန်သွယ်ရေးလက်တုံ့ပြန်မှုတွေ ဖြစ်နေရာက ကောင်း မွန်စပြုလာနေတဲ့ ဩစတြေးလျနဲ့တရုတ် နှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်လို့ ဆိုကြပါတယ်။ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပင်နီဝုန်းကလည်း ယန်ရဲ့အကျိုးစီးပွားနဲ့ ကျန်းမာရေးအတွက် ကောင်စစ်ဝန်ရုံးဆိုင်ရာ ပံ့ပိုးမှုတွေပြုသွားနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။

ယန်ဟင်ဂျွန်ကို တရုတ်နိုင်ငံမှာမွေးဖွားပြီး စာရေးဆရာနဲ့တက္ကသိုလ်ကျောင်းဆရာတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ငါးနှစ်ကြာ ၂၀၁၉ ခုနှစ်အတွင်းက သူလျှိုလုပ်ငန်းဆောင်ရွက်မှုနဲ့ တရုတ်နိုင်ငံအတွင်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *