October 20, 2024

၂၁. ၂. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းရန်အတွက် ခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း MPT ဖုန်းများအား Message များ ပေးပို့၍ အသိပေးအကြောင်းကြားမှုများ ယနေ့စတင် ဆောင်ရွက်နေသည်။

“ပြည်သူစစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီ အစဉ်မရှိသေးကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါတယ်” ဟု SAC ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားထားသည်။

ယင်းကဲ့သို့ ပြောကြားခဲ့ပြီးနောက်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၁ ရက် ယနေ့တွင် MPT ဖုန်း SIM Card အသုံးပြုသူများထံ Message များမှတစ်ဆင့် “ပြည်သူစစ်မှုထမ်းဥပဒေသည် ၁၀-၂-၂၀၂၄ ရက်တွင် စတင်အာဏာတည်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ သို့ရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အကောာင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကို စစ်မှုထမ်းရန်အတွက် အစီအစဉ်မရှိသေးကြောင်း အသိပေးအပ်ပါသည်” ဟု SACINFOTEAM က အသိပေးကြောင်းကြားမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ် (၁)တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ် (၅) မှသာ ခေါ်ယူရန် လျာထားပြီး သင်တန်းအမှတ်စဉ်တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅,၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း လျာထားစီမံထားကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းရန် အသက်ပိုင်းအခြားတွင် အကျုံးဝင်သူဦးရေ အရေအတွက် ၁၃ သန်းကျော်ရှိသည့်အနက် အမျိုးသားဦးရေ ၆ သန်းကျော်အထိ ရှိသည့်အတွက် အမျိုးသားများသာ ခေါ်ယူမည်ဆိုပါက တစ်နှစ်ခေါ်ယူမည့် လူဦးရေ၏ တစ်ရာခိုင်နှုန်းသာရှိမည်ဖြစ်သည့်အပြင် အကျုံးဝင်သူအားလုံးကို ခေါ်ယူမည်ဆိုပါက သုည ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *