◾ ထွန်းထွန်းမင်းနဲ့ ပရွမ်ဆန်နန်း မကျေပွဲ ဖေဖော်ဝါရီ ၂၉ ရက်ဆင်နွှဲမည်
၂၁. ၂. ၂၀၂၄
Written by Thettant
၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းမှာ ခမာလက်ဝှေ့ကျော် ပရွမ်ဆန်နန်းကို အငြင်းပွားဖွယ်မရှိ ရှုံးနိမ့်ခဲ့တဲ့ လက်ဝှေ့ကျော်ထွန်းထွန်းမင်းတို့ကြားက မကျေပွဲကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ဆင်နွှဲကြတော့မှာပါ။
နိုင်ငံရေးအကျပ်အတည်းကြောင့် ပြည်တွင်းမှာ လက်ဝှေ့ပွဲတွေ အရင်လိုဆက်တိုက်မကျင်းပနိုင်ချိန်မှာ မြန်မာဖိုက်တာတွေဟာ ရေကြည်ရာမြက်နုရာ ခွန်ခမာမြေနဲ့ ထိုင်းမြေဆီကိုသွားပြီး နယ်မြေသစ်များစွာ ရှာဖွေချိန်မှာ ရာမန်တို့လို့ အရှုံးနဲ့ မျက်နှာငယ်ရသူတွေရှိသလို ဘရော်နီကာ၊ စိုးလင်းဦး၊ သန့်ဇင်တို့လို ပီတိဖြစ်ရသူတွေလည်း အောင်နိုင်သူတွေအဖြစ် မြင်ခွင့်ရခဲ့တာပါ။
တစ်ချိန်က မြန်မာတို့အောင်မြေ အယုဒ္ဓယမှာ မြန်မာတွေ နိုင်တစ်လှည့်၊ ရှုံးတစ်လှည့်နဲ့မို့ ကြွေတစ်လက်ကြက်တစ်ခုန်မှာ ပျော်လိုက်၊ ဝမ်းနည်းလိုက်ဖြစ်ရပေမဲ့ ခွန်ခမာမြေထိုးဖောက်ရာမှာတော့ မြန်မာ့အကောင်းဆုံးထဲက ချန်ပီယံဟောင်းထွန်းထွန်းမင်းကလည်း သက်ကြားအို ပရွမ်ဆန်နန်းကို အာဆီယံအလယ်မှာရှုံး၊ တက်လူဆိုတဲ့ ရာမန်ကလည်း အားမပါတဲ့ခြေကန်ချက်လေး ပေါင်ထိတာနဲ့ ပြန်မထရဲဘဲ ရုပ်ပျက်ဆင်းပျက်ရှုံးနဲ့ ဂုဏ်ငယ်နေရတာပါ။
ပရွမ်ဆန်နန်းကို မြန်မာ့လက်ဝှေ့ကိုယ်စားပြုထိုးတဲ့ ဒေ့ဗ်က အစီးသရေဆိုပေမဲ့လည်း ဒေ့ဗ်ဟာ မြန်မာနိုင်ငံသားဖြစ်မနေတဲ့အပြင် ပရွမ်ဆန်နန်းက ဒေ့ဗ်ကိုသရေ၊ ထွန်းထွန်းမင်းကို အနိုင်၊ ရာမန်ကိုအလဲထိုးထားတော့ သူကဂုဏ်ငယ်စရာမရှိပါဘူး။ အခုပြိုင်ပွဲကလည်း ခွန်ခမာမြေမှာ လက်အိတ်နဲ့သူ့စည်းမျဥ်းနဲ့ ထိုးသတ်ရမှာဆိုတော့ အာဆီယံချန်ပီယံ ပရွမ်ဆန်နန်းကို ထွန်းထွန်းမင်းနိုင်စေချင်ပေမဲ့လည်း မရှုံးရင်တောင် ကျေနပ်ရမှာဖြစ်ပြီး ထပ်ရှုံးရင်တော့ ခမာမြေမှာမြန်မာ့လက်ဝှေ့ကျော်တွေ ခေါင်းမော့နိုင်တော့မှာ မဟုတ်ပါဘူးလို့ဘဲ…..။