၂၁. ၂. ၂၀၂၄
Written by Thettant
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီခွဲအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော်နှင့် နန္ဒထွန်းတို့လိုက်ပါလာသည့် HYUNDAI MINI BUS မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၄ နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်းအား ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာရှိ ၎င်း၏နေအိမ်တွင် HYUNDAI GRACE မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။