၂၁.၂.၂၀၂၄
translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်က လွတ်ငြိမ်းချမ်းသာ ခွင့် ဥပဒေမှာအကျုံးဝင်လို့ ပြစ်ဒဏ်က ပြန်လည်လွှတ်ပေးခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ ဘန်ကောက်မြို့ရှိ ချန်ဆုံလာအိမ်တော်ကိုကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ဖေဖော်ဝါရီ ၂၁ ရက်မှာ လာရောက်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။
သတင်းတွေအရ ဟွန်ဆန်က သူက သူ့ရဲ့ကိုယ်ပိုင်လေယာဉ်နဲ့ ဘန်ကောက်မြို့၊ ဒွန်မောင်းလေဆိပ်ကို နံနက် ၁၀ နာရီအချိန်မှာ ရောက်ရှိလာတာပါ။
ဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ရောက်ရှိမလာခင်မှာဘဲ ကမ္ဘောဒီးယားမှာ ၂၀၂၂ ခုနှစ်က ပျောက်ဆုံးသွားခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဝန်ချာလမ်ဆက်ဆတ်ဆစ်ရဲ့ အစ်မ ဒွန်မွန်း ဆက်ဆတ်ဆစ်က ဝန်ချာလမ်ရဲ့ပျောက်ဆုံးမှုက တရားဝင်အမိန့်အာဏာတည်တဲ့ မှုခင်းကိစ္စမဟုတ်ဘူးလို့ ကမ္ဘောဒီးယားအစိုးရရဲ့ ကြေညာချက်ကို ကန့်ကွက်တဲ့အနေနဲ့ ချန်ဆုံလာအိမ်တော်ရှေ့မှာ ဆန္ဒပြမယ်လို့ ပြောခဲ့ပါတယ်။
သက်ဆင်ရဲ့သမီး ပေတုံတန်က ဟွန်ဆန်အနေနဲ့ သက်ဆင်ရဲ့ကျန်းမာရေးအတွက်စိုးရိမ်လို့ လာရောက်ကြည့်ရှုတာလို့ ဖေဖော်ဝါရီ ၂၀ ရက်က မီဒီယာတွေကိုပြောခဲ့ပါတယ်။ ခေါင်းဆောင်ဟောင်းနှစ်ဦးဟာ နေ့လည်စာ အတူစားသောက်ကြပြီး ဟွန်ဆန်က ကမ္ဘောဒီးယားကိုပြန်မှာဖြစ်တယ်လို့လည်း ပေတုံတန်က ပြောခဲ့ပါတယ်။
သက်ဆင်နဲ့ဟွန်ဆန်တို့က ပုဂ္ဂိုလ်ရေးအရလည်း အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြသူတွေပါ။ သက်ဆင်အစိုးရ အာဏာ သိမ်းခံရပြီး သုံးနှစ်အကြာ ၂၀၀၉ ခုနှစ်မှာ ထိုစဉ်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်တဲ့ ဟွန်ဆန်က သက်ဆင်ကို ကမ္ဘောဒီးယားအစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ်ခန့်အပ်ခဲ့ပါသေးတယ်။ ကမ္ဘောဒီးယားအစိုးရက ထိုစဉ်က ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဦးဆောင်တဲ့အစိုးရရဲ့ သက်ဆင်ကို ကမ္ဘောဒီးယားနိုင်ငံမှာ လက်မခံဘဲ ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုချက်ကိုလည်း ငြင်းဆိုခဲ့တာပါ။
၂၀၂၃ ခုနစ်မှာလည်း သက်ဆင်က ဟွန်ဆန်ရဲ့ မွေးနေ့ပွဲအခမ်းအနားကို ညီမဖြစ်သူ ယင်လက်ရှင်နာဝပ်ထရာနဲ့အတူ တက်ရောက်ခဲ့သေးတာပါ။
Ref- Nation Thailand