၂၁. ၂. ၂၀၂၄
Written by Naing Thuta
ကွန်ပျူတာဂိမ်းစက်အပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်စဉ်တစ်ခု မန္တလေးတွင် ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မဟာအောင်မြေမြို့နယ် မီးသတ်ဒုဦးစီးမှူး ဦးစိုးမင်းကျော်ထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ အကွက် (၂၈၈)၊ ဆီစက်ဝန်းရပ်(ဒေသအခေါ်)၊ ၃၅ လမ်းနှင့်၃၆ လမ်းကြား၊ ၈၈ လမ်းပေါ်တွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ်ခန့်ရှိသော အမျိုးသားပိုင်ဆိုင်သည့် နံကပ်နှစ်ထပ်(၃၀-၄၀)ပေ၊ သွပ်မိုးနေအိမ်အပေါ်ထပ်(၅ ပေ×၇ ပေ)အိပ်ခန်းအတွင်းမှ ကွန်ပျူတာဂိမ်းစက်အပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ကာ ကွန်ပျူတာဂိမ်းစက်အား မီးစတင်ကူးစက်ရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ကောဝိန်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ဒေးဝန်းအရှေ့အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ကောဝိန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ချမ်းအေး(၃)အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးတို့နှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၆ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၂၂ မိနစ်တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။
ထိုမီးလောင်ကျွမ်းကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၅၀၀၀၀) ကျပ်ခန့် ဆုံးရှုံးပျက်စီးသွားပြီး လျှပ်စစ်မီးအား ပေါ့ဆစွာအသုံး ပြုခဲ့သူအိမ်ပိုင်ရှင်အမျိုးသားအား အမှတ်(၇)နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ဥပဒေအရအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။