၂၁.၂.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် သံချပ်ဝန် ဦးမြူလမ်းရှိ “မိုးပြည့်လျှံဟိန်း” အထည်ချုပ်စက်ရုံတွင် ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ လူမရှိဘဲ လျှပ်စစ်ပန်ကာဖွင့်ထားခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
ထိုဖြစ်စဥ်တွင် အလျား ပေ ၅၀၊ အနံ ပေ ၅၀ ရှိ ၃ ထပ်အဆောက်အအုံအထည်ချုပ်စက်ရုံရှိ အပေါ်ဆုံးထပ်တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ နီးပါးလောင် ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် အထည်ချုပ်စက်ရုံ၏ အပေါ်ဆုံးထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး အသုံးပြု၍မရတော့သော အထည် ၅၀၀ ခန့်လည်း မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၈ စီး၊ အထောက်အကူပြုယာဥ် ၁ စီး၊ ကွပ်ကဲမှုယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၁၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်မှုကြောင့် မန်နေဂျာဖြစ်သော အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီးကို ပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။