October 19, 2024

ကလေးကျောင်းပို့ပြန်လာသော အမျိုးသားတစ်ဦးကို လူ ၄ ဦးက နေ့ခင်းကြောင်တောင် လူများဖြတ်သန်းသွားလာသည့် နေရာမှာ ရိုက်နှက်ထိုးကြိတ်သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်သွားမှု မန္တလေးတွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၂၇လမ်းနှင့်၂၈လမ်းကြား၊ ၅၃ လမ်းပေါ်တွင် ယမန်နေ့(ဖေဖော်ဝါရီလ ၁၉ ရက်နေ့)မွန်းလွဲ ၁ နာရီ ခန့်က အသက် ၂၀ ကျော်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျနေသည်ဟု ရပ်ကွက်နေပြည်သူများက တာဝန်ရှိသူများကို ဖုန်းဆက်အကြောင်းကြားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိအမျိုးသားတစ်ဦး(စုံစမ်းဆဲ)သည် ယာဘက်လက်မောင်းကို ဓားဖြင့်ထိုးသွင်းခံရသည့် ဒဏ်ရာ ၁ ချက်၊ ယာဘက်ရင်ညွှန်အောက်ဓါးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်ညှပ်ရိုးဓားထိုးသွင်းခံရသောဒဏ်ရာ ၁ ချက်နှင့် နောက်ကျောကိုပါဓားဖြင့် ထိုးသွင်းခံရသည့် ဒဏ်ရာ ၁ ချက်တို့ဖြင့် လဲကျသေဆုံးနေသည့်အတွက် ဒေသခံ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ ကြောင်း သိရသည်။

” လူ ၄ ယောက်က လူငယ်တစ်ယောက်ကို ဓားနဲ့ထိုးသတ်ပြီး ဆိုင်ကယ်ကို လုယက်သွားတာပါ။ အသက်ခံရတဲ့သူက ကလေးကိုကျောင်းပို့ခဲ့ပြီး အပြန်မှာ အသတ်ခံရတာလို့ကြားတယ်။ နေ့ခင်ကြောင်တောင်ကြီး လူတွေ သွားလာနေတဲ့အချိန်မှာ သတ်သွားကြတာပါ။ မန္တလေးမှာ အသတ်အန္တရာယ်ကို ခြိမ်းချောက်ပြီးတော့ မကြာခဏဆိုသလို ဆိုင်ကယ်တွေလုယက်ခံနေရတယ်။ ဒါကို တာဝန်ရှိသူတွေက စီမံချက်နဲ့ စနစ်တကျကိုင်တွယ်ဆောင်ရွက်သင့်နေပြီ။ လုယက်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေတာ များလာတာ ပြန်ဖမ်းမိတာက ခပ်ရှားရှားပဲ။ အခုဖြစ်တဲ့နေရာက လူနေအိမ်တွေ သိပ်မရှိပဲ လမ်းက လူနည်းနည်းပျက်တော့ လုယက်သူတွေအတွက် ကျင်လည်ကျက်စားရာ နေရာတစ်ခုဖြစ်လာတာပါပဲ။ ပြီးခဲ့တဲ့အပတ်ကလည်း အဲ့နေရာမှာပဲ ရိုက်နှက်လုယက်ခံရသေးတယ်လို့ကြားတယ်။ ဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်လာတော့ ဆိုင်ကယ်နဲ့ အပြင်ထွက်ရမှာတောင် လန့်လာပြီး ကိုယ့်ကိုယ်ကို မလုံခြုံတော့ဘူးလို့ ခံစားလာတယ်”ဟု မြို့ခံပြည်သူတစ်ဦးက ယခုလို MT News သတင်းဌာနသို့ ပြောကြားသည်။

အခင်းဖြစ်စဉ် ဖြစ်ပွားရာနရာအနီးမှ CCTV မှတ်တမ်းကို တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ၅၃ လမ်းအ တိုင်း တောင်မှ မြောက်သို့ နံပါတ်မမှတ်မိ Scoopyi အနက်ရောင်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ၂၇ လမ်းနှင့် ၂၈ လမ်းကြားအရောက်တွင် မြောက်မှ တောင်သို့ နံပါတ်မမှတ်မိ CZI အနက် ရောင်ဆိုင်ကယ်ဖြင့် အမည်မသိ လူငယ် ၂ ဦး၊ နံပါတ်မမှတ်မိ အနက်ရောင် ရုပ်ဆိုး ဆိုင်ကယ်ဖြင့် အမည်မသိလူငယ် ၂ ဦးတို့မှ သေဆုံးသူဆိုင်ကယ်၏ ရှေ့မှ ဆိုင်ကယ်တစ်စီး ပိတ်ရပ်ကာ နောက်တစ်စီးက ဘေးမှညှပ်ရပ်ပြီးတော့ သေဆုံးသူအား ရိုက်နှက်ထိုးကြိတ်သည့်အပြင် ဓားဖြင့်ပါ လိုက်ထိုး၍ ဆိုင်ကယ်အား လုယူသွားသည်ကို တွေ့မြင် သိရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး အမည်မသိအမျိုးသားတစ်ဦးကို အသက်သေဆုံးအောင်ထိ ဓားဖြင့် ထိုးပြီးတော့ ဆိုင်ကယ်အားလုယူသွားသူ အမည်မသိအမျိုးသား ၄ ဦးအား အမှတ်(၃)နယ်မြေရဲစခန်းမှ (ပ) ၃၅/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄/၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း  ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *