October 19, 2024

၂၀. ၂. ၂၀၂၄
Written by Naing Thuta

ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားသံလမ်းဘေး ဝင်ရောက်ကျူးကျော်နေကြသောလူနေအိမ်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့မှ ယနေ့မနက်ပိုင်းက ဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၀ ရက်နေ့)မနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၆ လမ်းမှ လမ်း ၅၀ အထိ၊ ၁၁၇ လမ်းနှင့် မန္တလေး-လားရှိုးမီးရထားသံလမ်းကြား(ယခင်ရှင်းလင်းထားသည့်နေရာ)တွင် ထပ်မံကျူးကျော်ကာ နေထိုင်နေကြသော မီးရထားသံလမ်းဘေးကျူးကျော် နေအိမ်များကို ဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းခံရမှုကြောင့် အိမ်ခြေ ၇၅ လုံး(ယာယီတဲ)၊ အိမ်ထောင်စု ၇၅ စုပါဝင်ကာ အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၁၃၂ ဦး၊ စုစုပေါင်းလူဦးရေ ၂၄၀ ဦးခန့်ဖယ်ရှားရှင်းလင်းခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင် ပြောပြချက်အရ သိရသည်။

အလားတူပင် ယခုလ ဖေဖော်ဝါရီ ၂ ရက်နေ့က ချမ်းမြသာစည်မြို့နယ်၊ သံလျက်မှော်တောင်ရပ်ကွက်၊ အကွက်(၄၆၅)၊ ကန်တော်ကြီး ကန်ပတ်လမ်း၊ ဓမ္မဓရဝါဆိုကျောင်းနှင့် သာယာရွှေဂူဘုရားကြား(ယခင်ရှင်းလင်းထားသည့်နေရာ)ရှိ ထပ်မံကျူးကျော်နေအိမ်များနှင့် ထိုရပ်ကွက်ရှိ သာယာရွှေဂူရပ်(ဒေသအခေါ်)၊ ကမ်းနားလမ်းတစ်လျှောက်(ယခင်ရှင်းလင်းထားသည့်နေရာ)တွင် ထပ်မံကျူးကျော် ဆောက် လုပ်ထားရှိသည့် ကျူးကျော်နေအိမ် ၁၆၇ လုံးခန့်အား ဖယ်ရှားရှင်းလင်းခဲ့ရာ အိမ်ထောင်စု ၁၅၀ ကျော်မှ လူဦးရေ ၇၇၇ ဦးခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်၊ ၁၉ ရက်၊ ၂၄  ရက်၊ ၃၁ ရက်နေ့များကလည်း ချမ်းမြသာစည်မြို့နယ်ရှိ အစိုးပိုင် ကျူးကျော်နေအိမ်များ၊ မီးရထားသံလမ်းဘေး ကျူးကျော်နေအိမ်များ၊ တာဝါတိုင်ဘေးကျူးနေအိမ်များနှင့် ချောင်း၊ မြောင်းဧရိယာအတွင်း ဝင်ရောက်ကျူးကျော်နေကြသော လူနေအိမ်များ ဖြိုဖျက်ရှင်းလင်းခံခဲ့ရပြီး အိမ်ခြေ ၅၀၀ ကျော်ပါဝင်ကာ လူဦးရေ ၂၂၀၀ ကျော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *