October 19, 2024

၂၀.၂.၂၀၂၄
Written By Thandar

ဘုန်းရောင်လျှံရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်အနေနဲ့ ဇာတ်သဘင်အခြေခံ ဘဝသရုပ်ဖော် “ယောကျ်ားကောင်းအတောင်နှစ်ဆယ်” ရုပ်ရှင်ဇာတ်ကား Premier Show ကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော် နှစ်ပေါင်း ၃၀ ကျော် ပုံဖော်ဖန်တီးတဲ့ ဇာတ်ကားကို ခုမှ အကောင်အထည်ဖော်ဖြစ်နိုင်ခဲ့တာပါ။ ဇာတ်သဘင် အခြေခံမေတ္တာဘွဲ့ ဒရာမာဇာတ်လမ်းဖန်တီးမှုကို ကျပ်သိန်း ၃,၀၀၀ ဝန်းကျင် အကုန်အကျခံ ရိုက်ကူးဖန်တီးထားတဲ့ ဇာတ် လမ်းလို့ ပြောလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးဖန်တီးထားပါတယ်။ ပရိသတ်တွေ လာရောက်ကြည့်အားပေးကြပါဦး” လို့ ဒါရိုက်တာ ဦးတင်ငြိမ်း (ရှုမဝ)က MT Entertainment ကို ပြောပါတယ်။

အဆိုပါအခမ်းအနားကို ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး၊ ဂီတမှူး ဦးပေါသျှံ၊ ဦးငွေလှိုင်းထွန်း၊ အကယ်ဒမီ ဆွေဇင်ထိုက်၊ ရွှေတံဆိပ်ဆုရှင် ဆရာမ ခိုင်သဇင်သင်း စတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

စာရေးဆရာ တင်သန်းဦးရေးသားတဲ့ မြန်မာ့ဇာတ်သဘင်လောကသားတွေရဲ့ လူနေမှုဘဝ ကြီးမားလှတဲ့ မေတ္တာဘွဲ့ကို ဖော် ညွှန်းထားတဲ့ဝတ္ထုကို ပြန်လည် အသက်သွင်းထားတာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ အကယ်ဒမီဇော်မြင့်ဦးက ရေးသားထားပြီး ဒါရိုက်တာ မောင်တင်ငြိမ်း (ရှုမဝ)က သရုပ်ဆောင် ဉာဏ်မင်းဆက်၊ မျိုးဟန်နီအောင်၊ နန်းပျိုးဝသန်ဦ၊ ဆုပြည့်စုံ၊ အိမ့်ကြာဖြူ၊ သက်မြတ်နိုး၊ ထူး၊ မင်းရဲစည်သူ၊ မျိုးကြည်၊ ကောင်းမြတ်၊ ဘိုမ၊ ဇူးဇူးထက်မြတ် စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။

“ကျွန်တော့်တို့ရဲ့ မြန်မာ့ယဉ်ကျေးမှုလည်း မပပျောက်အောင်၊ ကလေးတွေလည်း သူတို့ဝါသနာပါတဲ့ အနုပညာလမ်းခရီးမှာ လျှောက်လှမ်းနိုင်အောင်အတွက် ဆရာမောင်တင်ငြိမ်း (ရှုမဝ)နဲ့ တိုင်ပင်ပြီး ဆောင်ရွက်ခဲ့တာပါ။ သူက ကျွန်တော့်ကို ပြောပါတယ်။ ဒီအချိန်မှာ အမြတ်မရှိပါဘူးတဲ့။ ကျွန်တော်အမြတ်ရတာထက် ကလေးတွေ အောင်မြင်ပြီး အနုပညာအစစ်ကို ရသွားခဲ့မယ်။ ဆရာ ကြီးတွေရဲ့ နည်းလမ်းအတိုင်း သူတို့ သင်ယူပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် ဒါက ကျွန်တော့်အတွက် အမြတ်ပါပဲ။ အဓိက,ကတော့ အကျိုးအမြတ်ရဖို့ထက် အနုပညာမောင်မယ် အသစ်လေးတွေ အနုပညာလောကထဲ ရောက်အောင်၊ အနုပညာ မတိမ်ကောသွားအောင် ရည်ရွယ်တာပါ”လို ဘုန်းအောင်လျှံရုပ်ရှင်ထုတ်လုပ်ရေးက အောင်ကျော်ဇာ (ကိုဂျက်)က ပြောပါတယ်။

“ယောက်ျားကောင်း အတောင်နှစ်ဆယ်” ရုပ်ရှင်ဇာတ်ကားကို လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *