၂၀. ၂. ၂၀၂၄
Written by Naing Thuta
ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ မကျီးစင်အုပ်စု၊ ဂျိုင်လယ်ကျေးရွာကမ်းစပ်တွင် ပေ ၄၀ ခန့် အရှည်ရှိ ရှားပါးမျိုးစိတ်ဝင် ဝေလငါးမန်းတစ်ကောင် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက သောင်တင်ပြီး သေဆုံးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယင်းဝေလငါးမန်းကို ဒေသခံများက ဂျိုင်လယ်ကျေးရွာ ကမ်းစပ်၌ တွေ့ရှိခဲ့ပြီး ပုပ်ပွနေသည့်အတွက် သေဆုံးချိန် ရက်အနည်ငယ်ခန့် ကြာနေပြီဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ဝေလငါးအား ယခုလ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ပင်လယ်ထဲတွင် သေဆုံးနေသည်ကို ဒေသခံတစ်ဦးကတွေ့ရှိခဲ့ပြီး နောက်တစ်ရက်တွင် ဂျိုင်လယ်ကမ်းခြေ၌ သောင်တင်နေခြင်းဖြစ်ကြောင်း ဂျိုင်လယ်ကျေးရွာခံတစ်ဦး ကပြောသည်။
သေဆုံးနေသည့် ဝေလငါးမှာ အလျား ၄၅ ပေ ၆ လက်မ၊ လုံးပတ် ၂၁ ပေရှိပြီး ပါးစောင်တွင် အကိုက်ခံထားရသည့်ဒဏ်ရာရရှိ၍ သေဆုံးသွားမှုဖြစ်နိုင်ကြောင်းနှင့် မခံနိုင်သည်အထိ အပုပ်နံ့များ ထွက်နေသဖြင့် ဒေသခံများနှင့် ငါးလုပ်ငန်းဦးစီးတို့မှ ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်နေ့)တွင် ဆယ်ယူ၍ မြေမြှုပ်လိုက်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာကမ်းခြေ၌ အရှည် ၁၇ ပေခန့်ရှိသော ဝေလငါးမန်းတစ်ကောင် သောင်တင်ပြီး သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်ကလည်း ယခုဖြစ်စဉ်မျိုး ဂျိုင်လယ်ကျေးရွာ ကမ်းစပ်မှာပင် ဝေလငါးတစ်ကောင် သောင်တင်ပြီး သေဆုံးခဲ့သေးသည်။