၂၀. ၂. ၂၀၂၄
Written by Pan Ei
အမေရိကန်ဒေါ်လာသန်း ၃၄၀ တန် ဂျက်ပေါ့ထီဆုကြီးပေါက်ပြီလို့ ထင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီက အမျိုးသားတစ်ဦးဟာ သူ့ထီလက်မှတ်နဲ့ အတူ ပိုက်ဆံသွားထုတ်ရာမှာ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းကြောင့် နံပါတ်တွေကို မှားယွင်းထုတ်ဝေခဲ့တယ်လို့ဆိုတာကြောင့် သူဟာ Powerball နဲ့ DC ထီတို့ကို တရားစွဲဆိုခဲ့ပါတယ်။
John Cheeks လို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်က ထိုးခဲ့တဲ့ ထီနံပါတ်ကို အဲ့ဒီနေ့မှာပဲ ထီလတ်မှတ်အရည်အသွေးအာမခံအဖွဲ့က ဝက်ဘ်ဆိုတ်ပေါ်မှာ စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ပြီး Cheeks ရဲ့နံပါတ်တွေနဲ့ ကိုက်ညီတဲ့ စမ်းသပ် Powerball နံပါတ်တွေကို မတော်တဆ ဝက်ဘ်ဆိုတ်ပေါ်မှာ တင်ခဲ့တာဖြစ်သလို အဲ့ဒီနံပါတ်တွေဟာ ဝက်ဘ်ဆိုတ်ပေါ်မှာ ဇန်နဝါရီ ၉ ရက်အထိ သုံးရက်ကြာ ရှိနေခဲ့တာပါ။
အဲ့ဒါကြောင့် တရားရုံးစာရွက်စာတမ်းတွေထဲမှာတော့ Powerball နဲ့ DC ထီရဲ့ တာဝန်ရှိသူတွေက နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ဆိုကြပြီး အွန်လိုင်းပေါ်မှာ စမ်းသပ်မှုကြောင့် မတော်တဆတင်ထားခဲ့တဲ့ ဂဏန်းတွေဟာ နောက်ဆုံး ထီပေါက်တဲ့ ဂဏန်းတွေနဲ့လည်း ကိုက်ညီမှုမရှိခဲ့ဘူးလို့ ဝန်ထမ်းက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ Cheeks ဟာ စာချုပ်ဖောက်ဖျက်မှု၊ ပေါ့ဆမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လိမ်လည်မှုတွေအပါအဝင် သီးခြားတရားစွဲဆိုမှု ရှစ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
Cheeks ရဲ့ရှေ့နေ Richard Evans ကလည်း အနိုင်ရတယ်လို့ တင်ထားတဲ့ နံပါတ်တွေက Cheeks ရဲ့နံပါတ်တွေနဲ့ကိုက်ညီတာကြောင့် ဂျက်ပေါ့ဆုငွေတွေအားလုံးကို ရပိုင်ခွင့်ရှိတယ်လို့ တရားရုံးစာရွက်စာတမ်းတွေမှာ ပြောကြားထားပြီး ဒါမှမဟုတ်ရင်လည်း မှားယွင်းတဲ့ ပေါက်မဲထီနံပါတ်ကိုတင်ခဲ့တဲ့ ပေါ့ဆမှုအတွက် Cheeks က နစ်နာကြေး ခံစားခွင့်ရှိတယ်လို့ ရှေ့နေ Evans က ပြောကြားခဲ့ပါတယ်။
ကံကောင်းမှုတွေလက်ထဲရောက်ခါနီးမှ လွဲချော်ခဲ့ရတဲ့ Cheeks ကတော့ သူ့ရဲ့လက်မှတ်နဲ့ ကိုက်ညီတဲ့ Powerball ရဲ့အနိုင်ရနံပါတ်တွေကို ပထမဆုံးမြင်လိုက်ရတုန်းက ထုံကျင်သွားသလိုပါ ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ပြီး ထီပေါက်တာက သူနဲ့ သူ့မိသားစုအတွက် ဘဝတွေကို ပြောင်းလဲစေနိုင်မှာဖြစ်တဲ့အပြင် သူအနိုင်ရရင် အိမ်ပိုင်ရှင်တွေကို ကူညီဖို့ ရည်ရွယ်ထားပြီး အိမ်တွေ ယုံကြည်စိတ်ချရတဲ့ဘဏ်ကို ဖွင့်ဖို့ စီစဉ်နေတယ်လို့ သူကပြောပါတယ်။
Cheeks ရဲ့ Powerball နဲ့ DC ထီကို တရားစွဲထားတဲ့ အမှုကိုတော့ လာမဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြားနာဖို့ စီစဉ်ထားပါတယ်။
Ref; The Guardian