MT News
ရိုက်ကူးတင်ဆက် – ဟေမာ
ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်မှာ အမျိုးသား နှစ်ဦးက အငှားယာဥ်မောင်းတစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး ကားလုယူခဲ့မှုမှာ သေဆုံးခဲ့ရသူ အငှားယာဥ်မောင်း ကိုရှိန်းသူစိုးရဲ့ နောက်ဆုံးခရီးကို ထောက်ကြန့်သုဿာန်မှာ ဒီနေ့ပြုလုပ်ပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်က ထောက်ကြန့်အငှားယာဥ်ဂိတ်မှာ ကိုရှိန်းသူစိုးရဲ့ယာဥ်ကို ထောက်ကြန့်ကနေ လှော်ကားဆီ ကားငှားစီးခဲ့ပြီးနောက်မှာ ကိုရှိန်းသူစိုးကို ဓားနဲ့ထိုးသတ်ကာ ကားကိုလုယူခဲ့တာပါ။
သေဆုံးခဲ့ရသူက အသက် ၃၄ နှစ်အရွယ်ဖြစ်ပြီး ထောက်ကြန့်မြို့နယ်မှာ နေထိုင်ပါတယ်။ မိသားစုပိုင်အငှားယာဥ်ကို မောင်းနှင်နေသူတစ်ဦးဖြစ်ပြီး လူချစ်လူခင်ပေါများသူတစ်ဦးလည်းဖြစ်တယ်လို့ သူ့ရဲ့ အငှားယာဥ်ဂိတ်က မိတ်ဆွေတွေက ပြောပါတယ်။
ကိုရှိန်းသူစိုးအလောင်းကို လှော်ကားကျောက်ခွဲစက်အကျော် နှစ်ကြိတ်ရှစ်ဆူဘုရားအနီး ကားလမ်းဘေးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး လည်ပင်းထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
အသတ်ခံရသူ ကိုရှိန်းသူစိုးမှာ ၁၀ နှစ်အရွယ်သားတစ်ယောက်နဲ့ ၁ နှစ် ၁၀ လအရွယ် သားငယ်တစ်ဦး ကျန်ခဲ့ပါတယ်။